နေပြည်တော် မတ် ၂၅
(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်း၌ နေပြည်တော်ကောင်စီရှိ ဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များကို သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးသည်။
အဆိုပါ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များနှင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းတာဝန်ရှိသူများ ကြည့်ရှုအားပေး ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်း တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အလားတူ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်မြို့တော်ခန်းမဝင်း၌ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဒုတိယမြို့တော်ဝန်က မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


