နေပြည်တော်၊ ဧပြီ ၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ  ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးရှိ ဟင်္သာတအကျဉ်းထောင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းပေးပို့မှု စုံလင်စွာရရှိခြင်း ရှိ / မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ / မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ / မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင် ခဲ့သည်။

ထို့ပြင် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ Quarantine ဆောင်၊ အကျဉ်းထောင် ဆေးခန်း၊ စာကြည့်တိုက်၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ /မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ခရီးစဉ်အတွင်း အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ  လေ့လာ ဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ ကို ကော်မရှင်မှ ဟင်္သာတ အကျဉ်းထောင်ကို လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိမှ လက်ခံရယူခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေး ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်