မြောက်ဦး ဧပြီ ၉            

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ပန်းဘဲတန်းကျေးရွာနှင့် ဘောင်းဒွတ်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဧပြီ ၉ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောက်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဦးကျော်ညွန့်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးဘစောနှင့် ခရိုင်/မြို့နယ် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ပန်းဘဲတန်းကျေးရွာနှင့် ဘောင်းဒွတ်ကျေးရွာတို့၌ အရှည် ပေ ၇၀၀၊ အကျယ် ၈ပေ၊ ဒုခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို   ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးဦးကျော်ညွန့်က ကျေးရွာလမ်းကော်မတီများအား ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်ထိန်းသိမ်းကြရန် မှာကြားသည်။

 

ပန်းဘဲတန်းကျေးရွာနှင့် ဘောင်းဒွတ်ကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း၂၀၊ စုစုပေါင်းငွေကျပ် သိန်း ၁၂၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း  မြောက်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ညွန့်ထံမှ သိရသည်။  
       
ကိုသန်း