နေပြည်တော် ၁၄ ဖေဖော်ဝါရီ 

    
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် လာအိုနိုင်ငံ၊ Luang Prabang (လန်ပရာဘန်) မြို့တွင် ကျင်းပမည့် မြန်မာ-လာအိုနှစ်နိုင်ငံ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် ဆက်စပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Somphay VONGMAHACHACK နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

    
မြန်မာ-လာအို လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနားလည်မှုဆိုင်ရာ စာချွန်လွှာအရ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူ/ ရောင်းချရေး၊ နည်းပညာ ဖလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား အပြန်အလှန် ဆွေးနွေးလျက်ရှိကြောင်း၊ ယခု လာအိုနိုင်ငံတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင်လည်း နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အချက် လက်များအား ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)