သရက်  ၁၄  ဖေဖော်ဝါရီ 

 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်း မြို့နယ်(၅)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ကျေးရွာ(၆၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၆၂)ခုကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သရက်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို  ကျေးလက်နေပြည်သူအနေဖြင့် မိမိကျေးရွာရဲ့ လိုအပ်ချက်တွေကို သိရှိပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်လုပ်ငန်းတွေ ရေးဆွဲဖော်ထုတ်နိုင်ရန်၊  ဖော်ထုတ်ရရှိလာတဲ့လုပ်ငန်းတွေကို နှစ်စဉ်ရန်ပုံငွေတွေ လျာထားပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဌာနဆိုင်ရာ အသီးသီးရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပေးနိုင်ရန်နှင့် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှု အားကောင်းစေရန် ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး ပြောပြချက်အရ သိရသည်။

 
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် သရက်ခရိုင်အတွင်းရှိ သရက်၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံမြို့နယ်များတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ကျေးရွာ ပေါင်း(၆၂)ရွာတွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာ၊ ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း(၄၁)ခု၊ ကျေးလက်ရေရှိရေးလုပ်ငန်းရှစ်ခု၊ မီးရရှိရေးလုပ်ငန်း(၁၁)ခု၊ အခြားကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းနှစ်ခုကို စုစုပေါင်း (၆၂)ခုကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်လို့  ၎င်းက ဆက်လက်ပြောပြသည်။
 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို သရက်ခရိုင်အတွင်း  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၂၀၁၈ (၆)လ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၅၁)ရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သန်း (၅၁၀)နှင့် ပြည်သူထည့်ဝင်ငွေကျပ်သန်း ၈၉ ဒသမ ၂၈၂၄၇ ဖြင့် ကျေးလက်လမ်း၊တံတားလုပ်ငန်း(၂၃)ခု၊ ရေပေးရေးလုပ်ငန်း(၁၂)ခု၊ မီးလင်းရေးလုပ်ငန်း(၃)ခု၊ ပညာရေးအဆောက်အဦ(၅)ခု၊ ကျန်းမာရေးအဆောက်အဦ (၅)ခုနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း(၃)ခုတို့ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။   


သန်းလွင်(မကွေး)

 

123