စစ်တွေ ၁၄ ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရခိုင်လူငယ် ဆိုင်ကယ်စီးအဖွဲ့နှင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများစုပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့တွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုမှာ စစ်တွေမြို့တွင်း၌ ဥဒဟိုစီးနင်းမောင်းနှင် သွားလာနေကြသည့် ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြစေရန် ရည်ရွယ်၍ တိုက်တွန်းနှိုးဆော်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။

 

mdn

 

ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးနေလင်းက “အခုလှုပ်ရှားမှုမှာ ပါဝင်တာက ရခိုင်လူငယ်ဆိုင်ကယ်စီးအဖွဲ့၊ စစ်တွေတက္ကသိုလ်က ကျောင်းသားတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲတို့ ပူးပေါင်းပြီး ပြုလုပ်တာပါ။ အခုလှုပ်ရှားမှုမှာ ဆိုင်ကယ်ဦးထုပ် အလုံး ၁၀ဝ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစာသားပါတဲ့ အင်္ကျီအထည် ၁၀ဝ၊ ပညာပေးလက်ကမ်းစာစောင်၊ ရောင်ပြန်စတစ်ကာတွေ ဖြန့်ဝေပေးခဲ့ပါတယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတာမဟုတ်ပါဘူး။ အားလုံး ဝိုင်းဝန်းလုပ်ဆောင်မှသာ ယာဉ်အန္တရာယ် ကင်းရှင်းကြမှာ ဖြစ်ပါတယ်။ အခုလို တက္ကသိုလ် ကျောင်းသားတွေနဲ့ လူငယ်တွေ ပါဝင်လှုပ်ရှားပေးတဲ့အတွက် ကျန်တဲ့လူငယ်တွေအနေနဲ့လည်း အတုမြင် အတတ်သင်ဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လာမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

အသိပညာပေးလှုပ်ရှားမှုတွင် ရခိုင်လူငယ်ဆိုင်ကယ်စီးအဖွဲ့မှ ဆိုင်ကယ် ၁၅ စီး လူအင်အား ၃၀ နှင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ဆိုင်ကယ်အစီး ၅၀ လူအင်အား ၈၀ ကျော်တို့က ပါဝင်လှုပ်ရှားခဲ့ကြပြီး ယနေ့နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့အဝင် မုခ်ဦးမှ စတင်ကာ မေယုလမ်း၊ လမ်းမကြီး၊ မင်းဘာကြီးလမ်းမှတစ်ဆင့် လောကာနန္ဒာဘုရားအနီးတွင် ရပ်နားပြီး လှုပ်ရှားမှုအစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဟန်လင်းထက်၊ ဓာတ်ပုံ- ဝင်းမင်းစိုး(ပြန်/ဆက်)

 

mdn