ရှမ်းရွာသစ်   ဧပြီ    ၁၉

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ပရေကြေတို ရေတံခွန်သို့ နွေရာသီကာလတွင် အနယ်နယ် အရပ်ရပ်မှ   ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ  မိသားစုများ၊  အပေါင်းအဖော် သူငယ်ချင်းများနှင့်  စုပေါင်းလာရောက်ပြီး  အပန်းဖြေရေကစားသူများဖြင့် နေ့စဉ်စည်ကား လျက်ရှိကြောင်း သိရသည်။

 

 ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့  မဲသမူးကျေးရွာ အုပ်စု ပရေကြေထကျေးရွာတွင် တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ သုံးမိုင်ခန့်ကွာဝေးသော  ကျောက်ထပ် ရှစ်ဆင့်ရှိ   တောင်ကုန်း၊    တောင်တန်း များကြားမှ အေးမြကြည်လင်နေသာရေများဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသောရေတံခွန် တစ်ခုလည်း ဖြစ်သည်။    ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသည့် ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ  ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အဖွဲ့လိုက်နေ့စဉ်လာရောက် အပန်းဖြေရေကစား ကြကြောင်း၊  ရေတံခွန် တစ်လျှောက်  ရေကူးကြသူများ၊ အရိပ်ရ သစ်ပင်အောက်များ၌ အပန်းဖြေ   အနားယူကြ သူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိပြီး ဒေသထွက် ရာသီစာ ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဒေသခံများအနေဖြင့် အပိုဝင်ငွေရရှိကြကာ အဆင်ပြေလျက်ရှိကြောင်း   သိရသည်။

 

ပရေကြေတို   ရေတံခွန်သို့ လာရောက်အပန်းဖြေ    ရေကစား သူများ    အေးချမ်းပျော်ရွှင်စွာ အနားယူ   အပန်းဖြေနိုင်စေရန်နှင့်   ရေတံခွန်   သန့်ရှင်းသာယာ   လှပစေရန်အတွက် တာဝန်ရှိသူများက  ရာသီစာ  ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဈေးသည်များကို သတ်မှတ်နေရာများတွင် စနစ်တကျ    ခင်းကျင်း ရောင်းချရန်၊  စွန့်ပစ်သည့် အမှိုက်မျာကို  စနစ်တကျ   စွန့်ပစ်ကြရန်နှင့်     ခရီးသွား ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဇင်လေး(ပြန်/ဆက်)