သရက် ၁၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၅ ခုနှစ် အတွင်း ရေကြီးနစ်မြှုပ်မှုဒဏ် နှင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် သရက်ခရိုင်အတွင်းရှိ ကျေးရွာများအတွက် IRM အစီအစဉ်ဖြင့် ဝယ်ယူပေးခဲ့သည့် ရေစုပ်စက်(အင်ဂျင်နှင့်ပန့်)(၁၅)စုံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး က ရေစုပ်စက် များ လွှဲပြောင်းပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်း တို့က ရေစုပ်စက်များ လွှဲပြောင်းပေးအပ်ရာ သရက်၊ အောင်လံ၊ ကံမ မြို့နယ် အုပ်ချုပ်ရေးမှူးများက လက်ခံယူပြီး၊ ဒုတိယညွှန်ကြားရေးမှူး (ရေအရင်းအမြစ်) ဦးသန့်ချိုက ရေစုပ်စက်နှင့်ဆက်စပ် ပစ္စည်းများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)


