စစ်တွေ၊ ဧပြီ ၂၀
နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က နိုင်ငံတာ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့သည့် ခရီးစဉ်များအတွင်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရေးကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း ခရီးစဉ်များအတွင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုတိုးတက်ရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက် လမ်းညွှန် မှာကြားချက်များကို အသေးစိတ်မှာကြားခဲ့ပါကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးအနက်ထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်ကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ ဦးတည်ချက်များနှင့်အညီ တိုင်းပြည်အတွက် ဒေသအတွက် အကျိုးပြုနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာစေရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ အဂတိလိုက်စားမှုများမရှိစေရေး၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ပြီး နိုင်ငံတော်အတွက် ဒေသအတွက် အမှန်တကယ်အကျိုးရှိစေရေး၊ စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


