ရန်ကုန်  ၁၄ ဖေဖေါ်ဝါရီ

လှိုင်မြို့နယ် မီးသတ်စခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းနေအိမ်လိုင်းခန်းအသစ် ဆောက်လုပ်ရန် ဘတ်ဂျက်ရရှိရေး လျာထားတွက်ချက် တင်ပြထားရှိပြီး ဘတ်ဂျက်ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက “လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနရှိ အိုမင်းဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာအား ဆောက်လုပ်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်ဖြစ်သည်” မေးမြန်းမှုကို  ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက “ လှိုင်မြို့နယ် မီးသတ်စခန်းသည် မြေကွက်အမှတ် (၁၄/ဃ)၊ (၁၂) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း၊ လှိုင်မြို့နယ်တွင် တည်ရှိပြီး မြေနေရာ (၁ ဒသမ ၂)ဧက ကျယ်ဝန်းပါကြောင်း၊ အဆိုပါ မြေနေရာတွင် ၂၀ဝ၈ ခုနှစ်က ဆောက်လုပ်သည့် မြို့နယ်မီးသတ်စခန်း (၂)ထပ် အဆောက်အဦ (၁)လုံး၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၆ ခုနှစ်တွင် စခန်းဟောင်း (၁)ထပ် အဆောက်အဦ (၁)လုံး၊ အရာရှိလုံးချင်းနေအိမ် (၁)လုံး၊ (၂)ခန်းတွဲ (၁)ထပ်၊ ဝန်ထမ်းနေအိမ် (၂)လုံး၊ (၃)ခန်းတွဲ (၂)ထပ်၊ ဝန်ထမ်းနေအိမ် (၂)လုံး၊ (၃)ခန်းတွဲ (၁)ထပ် ဝန်ထမ်းနေအိမ် (၁)လုံးဆောက်လုပ်ထားပါကြောင်း၊ အရာရှိလုံးချင်းနေအိမ် (၁)ထပ်တွင် ဦးစီးအရာရှိ (၁)ဦး၊ (၂)ခန်းတွဲ (၁)ထပ်၊ ဝန်ထမ်းနေအိမ် (၂)လုံးတွင် အရာရှိ (၂)ဦး၊ အခြားအဆင့် (၁)ဦး၊ (၃)ခန်းတွဲ (၂)ထပ်၊ ဝန်ထမ်းနေအိမ် (၂)လုံးနှင့် (၃)ခန်းတွဲ (၁)ထပ်၊ ဝန်ထမ်းနေအိမ် (၁)လုံးတွင် အခြားအဆင့် (၉)ဦး၊ စခန်းဟောင်း (၁)ထပ်အဆောက်အဦ (၁)လုံးတွင် အခြားအဆင့် (၉)ဦးဖြင့် ယာယီအခန်းဖွဲ့ နေထိုင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်မြို့နယ် မီးသတ်စခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းနေအိမ်လိုင်းခန်း အသစ်အား ဘတ်ဂျက်ရရှိရေး လျာထားတွက်ချက် တင်ပြထားရှိပြီး ဘတ်ဂျက်ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ’’ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ  ၁၅ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

MDN