ရန်ကုန် ၁၄ ဖေဖော်ဝါရီ
သန်လျင်-ရန်ကုန် သွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် အမှတ်(၁) သန်လျင်တံတား တစ်ဘက်ကမ်း သာကေတမြို့နယ်ရှိ လူအတက်အဆင်း အဆင်ပြေသည့်နေရာတွင် Railway Station တစ်ခုထားရှိကာ မီးရထား ခေါက်တို ပြေးဆွဲရေးနှင့် ၎င်းစခန်းမှ YBS ယာဉ်လိုင်းဖြင့်ချိတ်ဆက်ပြေးဆွဲနိုင်ရေး၊ သီတာဆိပ်ကမ်းမှ Water Bus ပြေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်စိုး က သန်လျင်မြို့ ဖွံ့ဖြိုးလာသည်နှင့်အမျှ မီးရထားကဏ္ဍလည်း အရေးပါလာမှာပါ။ လက်ရှိ သန်လျင်-ရန်ကုန် တိုးချဲ့လမ်း ဖောက်လုပ်နေစဉ်အတွင်း မီးရထားဖြင့် သွားလာနိုင်ရေး ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ခရီးသွားပြည်သူများ အစဉ်ပြေစွာသွားလာနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ အောက်မြန်မာပြည်တာဝန်ခံ ဦးထွန်းအောင်သင်း က ဒီကနေ့အစည်းအဝေးကတော့ သန်လျင်သူ/သန်လျင်သားတွေ မနက်မှာ လုပ်ငန်းခွင် သွားလာနိုင်ရသဖြင့် ရန်ကုန်သို့ သွားသော မီးရထား ခရီးသည်တွေဟာ တစ်ထောင်အထက်မှာ ရှိပါတယ်။ သို့သော် လက်ရှိ သန်လျင်မြို့ တိုးတက်ရေးအတွက် လမ်းပိုင်းတွေ တိုးချဲ့ဆောင်ရွက်နေတဲ့အခါ လမ်းပိတ်ဆို့မှုတွေလည်း မဖြစ်အောင် ကျွန်တော်တို့ မီးရထားကို ဘယ်လိုတိုးချဲ့ပြီး ပြေးဆွဲရမလဲ။ ဘယ်လိုအထောက်အကူဖြစ်အောင် လုပ်ပေးရမလဲဆိုတာ ကြိုးစားအားထုတ်မှုတစ်ရပ် ပြုလုပ်နေတာပါ။ ခုလို ကြိုးစားအားထုတ်မှု လုပ်တဲ့နေရာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေ တွေ့ဆုံပြီး ထိထိရောက်ရောက်ဖြစ်မည့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဆောင်ရွက်တာဖြစ်ပါတယ်။ အထူးသဖြင့် သန်လျင်ဘက်ခြမ်းမှာရှိတဲ့ အုတ်ဖိုစု ဘူတာမှ ရန်ကုန် သာကေတစ်ဘက်ခြမ်းကို Shatter Train လေး ဘယ်လိုပြေးဆွဲလို့ရမလဲ၊ အတက်အဆင်းခရီးသည်တွေ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်အချိန်တွေ ပြေးဆွဲရမလဲ စသည့်အားဖြင့် ဒီကားလမ်းမကြီး တိုးချဲ့နေတဲ့ကာလမှာ အခက်အခဲမဖြစ်အောင် ဆောင်ရွက်မလဲကဏ္ဍမှာ လာမည့် တနင်္လာနေ့မှာ စတင်ပြီး survey ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကို တင်ပြပြီးတော့မှ ရထား Shatter Train ပြေးဆွဲနိုင်ရေးကို ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်/မြို့နယ် ယဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ၊ YBS ယာဉ်လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


