နေပြည်တော် ၁၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာဒန်ချက်က ဗြိတိန်နိုင်ငံအစိုးရ၏ ဆက်သွယ်ပြန်ကြားရေးဆိုင်ရာ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အတွေ့အကြုံ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ ပါဝင်ဆွေးနွေးကြသူနှစ်ဦးက ဗြိတိန် အစိုးရ၏ ဆက်သွယ်ပြန်ကြားရေးဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများကို မျှဝေကြမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ပြန်ကြားရေးသည် အရေးကြီးသည်ကို မိမိတို့အနေဖြင့် သိရှိရန်လိုအပ်ပါကြောင်း၊ ဆက်သွယ်ပြန်ကြားခြင်းသည် သတင်းအချက်အလက်ပေးခြင်း ဖြစ်ပါကြောင်း။
မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ မီဒီယာကို အသုံးပြု၍ ပြည်သူများသို့ သတင်း အချက်အလက်ပေးခြင်းကို လုပ်ဆောင်နေသည့် ဌာနဖြစ်ပါကြောင်း၊ ဘယ်ကို၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်လို ဆက်သွယ်ပြန်ကြားရမည်ကို သိရှိရန်လိုအပ်ပါကြောင်း၊ သင့်လျော်သည့် ဆက်သွယ်ပြန်ကြားမှုမရှိပါက လူ့အဖွဲ့အစည်းအတွင်း အပြုသဘောမဆောင်သည့် အကျိုးသက်ရောက်မှုများဖြစ်သော သတင်းတု၊ သတင်းမှား၊ ကောလာဟလများ၊ အမုန်းစကား ဖြန့်ဝေမှုများ၊ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကာလတွင် စိန်ခေါ်မှုများစွာရှိနေပြီး နိုင်ငံတကာ၏ အာရုံစူးစိုက်မှုများလည်း ရှိနေပါကြောင်း၊ ယခုလိုကြုံတွေ့လာရချိန်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမီဒီယာများသည် ပြန်လည်တုံ့ပြန် နိုင်စွမ်း နည်းပါးနေသေးပါကြောင်း၊ ဆက်သွယ်ပြန်ကြားရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် အရေးကြီးသည့် အချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံ အစိုးရ များထံမှ နည်းနာများကို သင်ယူလေ့လာရန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့ မီဒီယာ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာဒန်ချက်က ဗြိတိန်နိုင်ငံ အစိုးရ၏ ဆက်သွယ်ပြန်ကြားရေးဆိုင်ရာ စနစ်များနှင့် နည်းလမ်းများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဗြိတိန်နိုင်ငံ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးဌာန အကြီးအကဲ မစ္စအယ်မလီယာအော်စတင်က ထိရောက်သော ဆက်သွယ်ပြန်ကြားရေး အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက အုပ်စုများခွဲကာ လက်တွေ့ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာသီတာတင်နှင့် ဗြိတိန်နိုင်ငံ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဆက်သွယ် ပြန်ကြားရေးဌာန အကြီးအကဲ မစ္စအယ်မလီယာအော်စတင်တို့က ဆွေးနွေးပွဲ နှင့်ပတ်သက်၍ နိဂုံးချုပ် ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။
ဗြိတိန်နိုင်ငံအစိုးရ၏ ဆက်သွယ်ပြန်ကြားရေးဆိုင်ရာ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဗြိတိန်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ အမှုထမ်း၊ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


