(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင်(၂၉၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ပို့ပလဲယား(Port Blair)၏မြောက်-အနောက်မြောက်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၃၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အနီရောင်အဆင့်သည် မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)သည်မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းက ိုစစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့့်အတွက် အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်။
(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၅.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၅)မှ(၁၁၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
(၁) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(၂) သို့ဖြစ်ပါ၍ ယနေ့နံနက်မှ(၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၉၀)မှမိုင်(၁၁၀)ခန့်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၁၄)ပေမှ(၁၈)ပေခန့် ရှိနိုင်ပါသည်။မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှမိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၄)ပေမှ (၁၈)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိမြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၀)ပေမှ (၁၄) ပေခန့်အထိမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။
(၅) အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(ExtremelySevere Cyclonic Storm) “မိုခါ”(MOCHA)၏အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


