နေပြည်တော် မေ ၁၃

 

(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်ဘက် ရေမိုင် (၂၇၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား (Port Blair)၏ အနောက် မြောက်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၅၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ (MOCHA)”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ်နိုင်ပါ သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄)ပေမှ (၁၈)ပေခန့်နှင့် မုတ္တမ ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုး/ဇလ