နေပြည်တော် ၁၅  ဖေဖော်ဝါရီ 

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် အချက်များကို အချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှုအပေါ် အခြေခံ၍ ရင်းနှီးချစ်ခင်မှုဖြင့် ညှိနှိုင်းဆွေးနွေး ပေးကြရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်ခြင်းအားဖြင့် ပါတီငယ်များ အနေဖြင့်လည်း ပြင်ဆင်ရေးတွင် ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အရေးကို တန်းတူရည်တူ ရရှိကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ၊ အစုအဖွဲ့များအလိုက် ကြိုတင်ဖြန့်ဝေထားသည့် ဖွဲ့စည်းမိန့် (မူကြမ်း) ပါ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့နှင့်စပ်လျဉ်း၍ အပြုသဘောအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက ဖေဖော်ဝါရီ ၁၃  ရက်တွင် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ၊ အစုအဖွဲ့များသို့ ကြိုတင်ဖြန့်ဝေပေးထားသည့် ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ မူကြမ်းနှင့် ပူးပေါင်းကော်မတီတွင် ပါဝင်ဖွဲ့စည်းရန် အမည်စာရင်းရရှိထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

 

mdn