ရန်ကုန် ၁၅ ဖေဖော်ဝါရီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးတွင် စွဲချက်တင် စစ်ဆေးခံနေရသူ လေးဦးအနက် ကြည်လင်းနှင့် အောင်ဝင်းဇော်ကို သေဒဏ်ကျခံစေရန် (မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန်)နှင့် ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အား ထောင်ဒဏ်အသီးသီး ပြစ်ဒဏ်ကျခံစေရန် ယနေ့တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်လိုက်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ကြည်လင်း(ခ)ဖိုးထူးအား ရာဇသတ် ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၃၄ အရ ပြစ်မှုထင်ရှားတွေ့ရှိရသဖြင့် သေဒဏ်ကျခံစေရန်(မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန်)၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) အရ (အငှားယာဉ်မောင်း ကိုနေဝင်းအား သေနတ်ဖြင့် ပစ်သတ်မှု) ပြစ်မှုထင်ရှား တွေ့ရှိရသဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန်၊ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) တို့အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီကို တစ်ပေါင်းတည်းကျခံစေရန်၊ ကျူးလွန်သူ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ အရ ပြစ်မှု ထင်ရှား တွေ့ရှိရသဖြင့် သေဒဏ်ကျခံစေရန် (မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်စေရန်) အမိန့်ချမှတ်လိုက်သည်။
အလားတူ ဇေယျာဖြိုးအား ရာဇသတ်ကြီးပုဒ်မ ၂၀၁ ပထမပိုင်းအရ ပြစ်မှုထင်ရှား တွေ့ရှိရသဖြင့် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကျခံစေရန်၊ အောင်ဝင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၂၁၂ ပထမပိုင်းအရ ပြစ်မှုထင်ရှားတွေ့ရှိရသဖြင့် အလုပ်နှင့် ထောင် ဒဏ် သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား (ပြစ်ဒဏ်များမှ ချုပ်ရက်များ ထုတ်နုတ်ခံစားစေရန်) တရားသူကြီးက ခွင့်ပြုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တရားရုံးမှ (ပြန်ကြားရေးတာဝန်ခံ) ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲလွင်က``ဒီအမိန့်ရဲ့စီရင်ချက်မှာ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး ထည့်သွင်းသုံးသပ်ထားပါတယ်။ ဒီနေ့ချမှတ်တဲ့ လူသတ်မှုဟာဆိုရင် ရုံးရှေ့မှာရှိတဲ့ တရားခံလေးဦး သာမက တရားခံပြေး အောင်ဝင်းခိုင်ကိုပါ အထူးခုံရုံးက ထည့်သွင်းစဉ်းစားသုံးသပ်ထားတာဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီးတော့လည်း ရာဇဝတ်အထွေထွေအမှုတွေ ဖွင့်လှစ်ထားတာရှိပါတယ်။ သူ့ရဲ့ ပစ္စည်းတွေဟာဆိုရင် ဒေါပုံမြို့နယ်ထဲမှာရှိတဲ့အတွက် ဝရမ်းကပ်တဲ့ကိစ္စတွေကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဆောင်ရွက်နေတယ်။ ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်´´ဟု အပြီးသတ် အမိန့်ချမှု အပြီးတွင် မီဒီယာများအား ပြောကြားသည်။
အဆိုပါအမှုတွင် လူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၇၂ ဦး၊ ပြန်ခေါ်သက်သေ ၈၈ ဦး၊ တရားခံ လေးဦး၊ တရားခံပြသက်သေ ၃၈ ဦး စုစုပေါင်း သက်သေ ၂၀၂ ဦးအထိ စစ်ဆေးခဲ့ရကြောင်း၊ လက်နက်မှုနှင့်ပတ်သက်၍ လိုပြသက်သေ ခုနစ်ဦး၊ ပြန်ခေါ်သက်သေ သုံးဦး၊ တရားခံ တစ်ဦး၊ တရားခံပြသက်သေ နှစ်ဦး စုစုပေါင်း သက်သေ ၁၃ ဦးတို့ကိုစစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် အထူးခုံရုံး အနေဖြင့် ရက်သတ္တပတ် တစ်ပတ်လျှင် နှစ်ချိန်းနှုန်းဖြင့် အပတ်စဉ် ပုံမှန် မပျက်မကွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ အထူးခုံရုံးအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ကြန့်ကြာမှုမရှိအောင် အထူးသတိပြုဆောင်ရွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးဆဲ ကာလတွင်လည်း ကြားဖြတ်အမိန့်အနေဖြင့် တရားလို၊ တရားခံ နှစ်ဖက်လုံးမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဥပဒေနှင့်အညီ ပြင်ဆင်မှု တက်ရောက်ခဲ့မှုများရှိခဲ့ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် နှစ်ကြိမ်ရှိပြီး သုံးလနှင့်ငါးရက်ကြာမြင့်ခဲ့ကြောင်း ဦးရဲလွင်က ပြောသည်။
အဆိုပါ အမှုအား ၂၀၁၇ ခုနှစ် မတ် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ စတင်တရားစွဲဆိုတင်ပို့ခဲ့ပြီး နှစ်နှစ်ကျော်ကာလအကြာ ရုံးချိန်းပေါင်း (၁၀၄) ကြိမ်မြောက် ယနေ့တွင် အပြီးသတ် အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အမှုမှ ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို တရားရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားသည်။
တရားခံဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ``ဥပဒေမှာ ပြဌာန်းထားတဲ့နည်းလမ်းအတိုင်း ကျွန်တော်တို့ ဆက်လုပ် သွားဖို့ရှိပါတယ်။ ကြည်လင်းနဲ့ အောင်ဝင်းဇော် အတွက် အယူခံ ဥပဒေအရ ခုနစ်ရက် ပေးထားတယ်။ ကျန်တဲ့လူတွေကတော့ ရက်ပေါင်း ၆၀ ပေးထားပါတယ်။ ဒီအပေါ်မှာ ဘာဆက်လုပ်ရမလဲဆိုတာ ကာယကံရှင်တွေရဲ့ ဆန္ဒလည်းရှိသေးတယ်´´ဟု ပြောသည်။
တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးနေလက``တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး တရားရုံးက သူမှန်ကန်တယ်ထင်တဲ့ ဆုံးဖြတ် ချက်ကိုချထားတယ်။ သို့သော်လည်းပဲ ကာယကံရှင်တွေဘက်ရော၊ ဥပဒေအရရော အမြင်ချင်းမတူကြတာတွေရှိနိုင်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ဖွယ်ရာ မရှိဘူး´´ဟုပြောသည်။
ယနေ့ အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ရာ တရားရုံးတွင် သက်ဆိုင်ရာမှ သာမန်ရုံးချိန်းများနှင့် မတူ လုံခြုံရေးတင်းကြပ်မှုပိုမို ပြုလုပ်ထားပြီး တရားစီရင်မှုအား ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၊ သံတမန်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူ အများအပြား လာရောက်၍ လေ့လာကြသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ ဂျကာတာမြို့ နှင့် မာလူကူ ပြည်နယ်တို့၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သော Senior Leadership Program လေ့လာရေးခရီးသွားရောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာစဉ် Terminal -1 ဂိတ် 6 အရှေ့ ပလက်ဖောင်းတွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


