ထန်းတပင် ၁၅ ဖေဖော်ဝါရီ

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် စပါးအထွက်နှုန်းများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဘက်စုံနည်းပညာသုံး စံပြကျေးရွာအဖြစ် သတ်မှတ်ထားရှိသည့် ရေပေါ်သောင်ကျေးရွာတွင် ကြားပေါင်းလိုက်စက် (Power Weeder) လက်တွေ့ သရုပ်ပြမောင်းနှင်ခြင်းနှင့် စိုက်ပျိုးပညာပေးဆွေးနွေးခြင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ရေပေါ်သောင်ကျေးရွာ၊ တောင်သူ ဦးကျော်ခိုင်၏ ဦးပိုင်အမှတ်(၅၈)၊ ကွင်းအမှတ် (၁၂၃/က) လယ်ယာမြေတွင် ကြားပေါင်းလိုက်စက် (Power Weeder) ကို လက်တွေ့သရုပ်ပြ မောင်းနှင်ပြသခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွေးအောင်က ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနှင့် ကင်းထောက်မှတ်တမ်းယူခြင်းကို ဒေသခံ တောင်သူများအား လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ကာမျိုးသန့်၊ မျိုးစေ့လုပ်ငန်းစဉ်နှင့် ပျိုးသက်နု ကောက်ကွက်ကျယ် စိုက်ပျိုးနည်းစနစ် (SRI) အကြောင်းတို့ကို ဒေသခံတောင်သူများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

“ကင်းထောက်မှတ်တမ်း ယူခြင်းအားဖြင့် ဒီကွင်းထဲမှာ ဖျက်ပိုးတွေ ဘယ်လောက်ရှိသလဲ၊ နောက်တစ်ခါ မိတ်ဆွေပိုးတွေက ဘယ်လောက်ရှိသလဲ ဒါလေးတွေသိအောင်လို့ ကင်းထောက်မှတ်တမ်းယူခြင်းဖြစ်ပြီး တောင်သူတွေအနေဖြင့် ကင်းထောက်မှတ်တမ်း ယူခြင်းအားဖြင့် ဖျက်ပိုးတွေဟာ မိတ်ဆွေပိုးတွေထက် ပိုများနေပါက မဖြစ်မနေ တောင်သူတွေအနေဖြင့် ဆေးဖြန်းပြီး ကာကွယ်နှိမ်နှင်းဖို့ လိုအပ်ပါကြောင်းနှင့် ကင်းထောက်မှတ်တမ်းယူခြင်းကို စပါးစိုက်တောင်သူတွေ အနေဖြင့် မဖြစ်မနေ လိုအပ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွေးအောင်မှ ပြောသည်။

 

mdn

 

SRI နည်းပညာသည် ပျိုးသက်နု ကောက်ကွယ်ကျယ် စနစ်ဖြစ်ပြီး ပျိုးသက် (၈) ရက်ကနေ (၁၂) ရက် အတွင်း စိုက်ပျိုးရကြောင်း၊ စပါးစိုက်သည့်အခါမှာလည်း တစ်ပင်ချင်း (၁၀) လက်မ ပတ်လည် စိုက်ပျိုး ရသည့်အတွက် အပင်ပွားများများ ထွက်ချိန်ပိုကာ အပင်ပွားများပြီးတော့ စပါးအထွက်နှုန်းများလည်း တိုးစေကြောင်းနှင့် SRI နည်းပညာဖြင့် မြို့နယ်အတွင်း စပါးစိုက်ဧက (၂၀) စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။

ဒေသခံတောင်သူများအနေဖြင့် ကြားပေါင်းလိုက်စက် (Power Weeder) ကို အသုံးပြုခြင်းဖြင့် ငွေကြေး၊ အချိန်နှင့် လုပ်သားအသုံးပြုမှုများ သက်သာလာမည်ဖြစ်ကာ ပေါင်းမြက်များ ကင်းရှင်းစေခြင်း၊ တမန်းများ ပြန်လည်နှိုးပေးခြင်းအားဖြင့် စပါးပင်၏ အမြစ်များ သန်မာထွားကြိုင်း လာစေမည်ဖြစ်ကာ ပင်ပွားနှုန်း ကောင်းခြင်းနှင့် ပင်ပွားနှုန်း တိုးလာခြင်းကြောင့် စပါးအထွက်နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှသိရသည်။

အဆိုပါ သရုပ်ပြဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးသောင်းထိုက်၊ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းနှင့်ဝန်ထမ်းများ၊ ရန်ကုန်မြောက်ပိုင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးခိုင်၊ မြို့နယ်ဦးစီးမှူးဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)

 

mdn