နေပြည်တော် ၁၅ ဖေဖော်ဝါရီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှု၊ ကချင်ပြည်နယ် IDP Camp များ ရှိစစ်ဘေးရှောင် ပြည်သူများနေရပ်သို့ ပြန်နိုင်ရေးအတွက် တပ်မတော်မှ ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုနှင့် ဂျပန်နိုင်ငံမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများ အကူအညီပေးရေးအတွက် ဂျပန်နိုင်ငံမှဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများအား အစိုးရနှင့် တပ်မတော်မှဖြေရှင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံတကာမှ အမှန်အတိုင်း သိရှိနိုင်ရေး ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေးတို့အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဂျပန်နိုင်ငံမှစက်ရုံ၊ အလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် လိုအပ်မှုအခြေအနေများကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


