နေပြည်တော် ၁၅  ဖေဖော်ဝါရီ 


အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ တာဝန်ရှိဌာန၊ အဖွဲ့အစည်းများမှ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝဘေးစီမံခန့်ခွဲမှု၏ သဘောသဘာဝအရ ဘေးအမျိုးအစားအလိုက်၊ ကဏ္ဍအလိုက်၊ အဆင့်အလိုက်၊ ပြင်းအားအလိုက် စသည်ဖြင့် စီမံခန့်ခွဲဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ ဖြစ်ပေါ်လာသော အခြေအနေပေါ်မူတည်ပြီး စီမံခန့်ခွဲမှုအပိုင်း၊ ရှာဖွေကယ်ဆယ်ရေးအပိုင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးအပိုင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုအပိုင်းတို့တွင် ကျွမ်းကျင်သူများ လိုအပ်သည့်အပြင် စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ၏ အင်အားကိုပါ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်ပါကြောင်း။


ယခုကဲ့သို့ ကဏ္ဍအသီးသီးမှ အင်အားစုများနှင့် စုပေါင်းဆောင်ရွက်ရခြင်းဖြစ်၍ စနစ်ကျသော ဖွဲ့စည်းမှုနှင့် မူဝါဒများ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းဆောင်ရွက်မှုများ၊ ဥပဒေများ၊ မူဝါဒများ ချမှတ်ပြီး စနစ်တကျ စီမံဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအထိ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့အဆင့်ဆင့် ဖွဲ့စည်းထားခြင်းသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ၏ ပါဝင်ဆောင် ရွက်မှုများ၊ အကြံဉာဏ်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားကော်မတီကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီး အကြံပေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြံပေးအဖွဲ့တွင် သက်ဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် လက်တွေ့တွင်လည်း အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်၍ မိမိတို့၏ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် အဓိကအားထားရမည့် အဖွဲ့ကြီး တစ်ခုဖြစ်ကြောင်း၊ ပညာရှင်များအနေဖြင့် ကျွမ်းကျင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များ ပေးရန်လိုကြောင်း။

 

123


ယနေ့ သဘာဝဘေး ဖြစ်စဉ်များကို လေ့လာကြည့်ပါက ကမ္ဘာတစ်ဝန်းလုံးတွင် သဘာဝ ဘေးအန္တရာယ်များသည် အကြိမ်ရေစိပ်စိပ်နှင့် ဖျက်ဆီးမှုစွမ်းအားလည်း ပိုမိုပြင်းထန်လာကာ လူသားများအပေါ် ထိခိုက်ဆုံးရှုံးမှု ပိုမိုဆိုးရွားများပြားလာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပွားရသော အကြောင်းရင်းများမှာ ရာသီဥတုပြောင်းလဲလာမှု၊ လူဦးရေတိုးပွားလာ မှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာမှုတို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များ၏ လေ့လာမှုများ အရသိရှိရကြောင်း၊ ယင်းအကြောင်းအရာများကို ဖြေရှင်းရန် အင်မတန်မှ ခဲယဉ်းနေသော အခြေအနေဖြစ်သည့်အတွက် သဘာဝဘေးစီမံခန့်ခွဲမှုများကို ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်း ပူးပေါင်း ဖြေရှင်း ဆောင်ရွက်နေကြပြီး တစ်နိုင်ငံချင်းစီကလည်း ဦးစားပေးလုပ်ငန်းစဉ်ထဲ တွင် ထည့်သွင်းသတ်မှတ် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်သည်ကို တွေ့ရှိရကြောင်း။


၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကရင်ပြည်နယ် ခရီးစဉ်အတွင်း “ယခုကာလသည် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း ယခုအခါ ယခင်က မဖြစ်ဖူးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းပြောင်းလဲမှုများမှာ ပုံသေသဘောဖြစ်လာမည် ဖြစ်ပါကြောင်း” ဟု ပြောကြားခဲ့ပါကြောင်း။ 


ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များသည် ပုံမှန်ဖြစ်စဉ်ဖြစ်လာခဲ့ပြီး အားလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်၍ ရင်ဆိုင်တုံ့ပြန် ဆောင်ရွက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေး ဝိုင်းဝန်းဆောင်ရွက်သည့် နေရာတွင် ပြည်သူများမှစ၍ ပါဝင်ဆောင်ရွက်ရန် လိုအပ်သော်လည်း အဓိက ဦးဆောင်တာဝန်ယူ ဆောင်ရွက်ရန်မှာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ ဖြစ်ကြောင်း။
သဘာဝဘေးများ ဖြစ်ပေါ်လာမှ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ခြင်းထက် မဖြစ်ခင်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက်၊ တာဝန်ရှိမှုအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။ 


ဘေးအန္တရာယ်များနှင့်စပ်လျဉ်းပြီး ဖြေရှင်းဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် တစ်ဆင့်ချင်းအလိုက်  ဘာသာရပ်ပိုင်းဆိုင်ရာ  ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အပြင် ထိရောက် ကောင်းမွန်သည့် နည်းစနစ်ဖြင့် လက်တွေ့အခြေအနေအပေါ် အလျင်အမြန် သုံးသပ်ဖြေရှင်းနိုင်စွမ်းလည်း ရှိရမည်ဖြစ်ကြောင်း၊ အခြေအနေအရ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရသော်လည်း ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာ၊ ကူညီထောက်ပံ့မှုပိုင်းဆိုင်ရာများတွင် ပိုမိုဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် သီးခြားမထားဘဲ ဝန်ကြီးဌာနအလိုက် အရေးပေါ် ရန်ပုံငွေ Emergency Fund ခေါင်းစဉ်ဖြင့် သာမန်ဘတ်ဂျက်တွင် တင်တောင်း၊ သုံးစွဲသွားရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားထားကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မကြာခဏ အပျက်အစီးများရှိနိုင်၍ ဝန်ကြီးဌာနအလိုက် အရေးပေါ်ရန်ပုံငွေ ထားရှိသုံးစွဲရန် ဆောင်ရွက်ခြင်းဖြစ်၍ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ဆက်စပ်စဉ်းစားပြီး ကြိုတင်လျာထား တင်ပြတောင်းခံကြရမည်ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေကို အရေးပေါ်ရန်ပုံငွေ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သုံးစွဲနိုင်ရေး လမ်းညွှန်ထားပြီး ရန်ပုံငွေ တင်ပြတောင်းခံခြင်း၊ သုံးစွဲခြင်းများကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။


သဘာဝဘေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်သည့်နေရာတွင် ယခင်အတွေ့အကြုံများအပေါ် သင်ခန်းစာ ရယူဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော တုံ့ပြန်ဆောင်ရွက်မှုများ၊ စီမံခန့်ခွဲမှုများဖြစ်ရန် လိုအပ်ကြောင်း၊ ယခင်နှစ် ရေဘေးဖြစ်ပွားမှု အခြေအနေများကို ပြန်လည် သုံးသပ်ကြည့်ပါက မွန်၊ ကရင်၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် ထင်မှတ်မထားသည့် အတိုင်းအတာမျိုးဖြင့် အလျင်အမြန် တုံ့ပြန်မှုများနှင့် စီမံခန့်ခွဲဆောင်ရွက်ခဲ့ရပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်နေကြ အနေအထားမျိုးကို တွေ့ရမည်ဖြစ် ကြောင်း၊ ရေဘေးဖြစ်ပွားမှုအပေါ် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရမည့် အခြေအနေ များကို သုံးသပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ထိရောက်စွာ ပြန်လည် စတင်နိုင်ရန်၊ ကဏ္ဍအလိုက် အဆင့်ဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။


မိမိတို့ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ခဲ့ရသော အတွေ့အကြုံများအရ အမျိုးမျိုးသော ဘေးအန္တရာယ်များကို မျှော်လင့်ထားပြီး ဒေသ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်တိုင်း အဆင့်တိုင်း၌ အသေးအဖွဲကအစ ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

123


မိမိအနေဖြင့် အဓိက အလေးအနက်ထား ဆောင်ရွက်သွားရမည့် အချက်များကို မှာကြားလိုပါကြောင်း၊ ၎င်းတို့မှာ (၁) တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဒေသ၏ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်ဆုံးရှုံးမှုလျော့ပါး သက်သာစေရေးလုပ်ငန်းများကို ဆန်းစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ခြင်း။ (၂) တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရေးအတွက် အရင်းအမြစ်များ စနစ်တကျ စုဖွဲ့ထားရှိခြင်း၊ လူအင်အား၊ ပစ္စည်းကိရိယာအင်အား၊ နည်းပညာအင်အား၊ ငွေကြေးအင်အား စသည့် အရင်းအမြစ်များ ရရှိနိုင်မည့် ဌာနဆိုင်ရာများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားစေတနာရှင် အဖွဲ့အစည်းများဖြင့် ကြိုတင်စုဖွဲ့ထားရှိခြင်း၊ ချိတ်ဆက်ဆောင်ရွက်ရမည့် ဆက်သွယ်ရေး လမ်းကြောင်းများ ထူထောင်ထားရှိခြင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ခွဲဝေ သတ်မှတ်ထားရှိခြင်းနှင့် စီမံချက်များ ကြိုတင်ရေးဆွဲပြီး စုပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း။ (၃)ငွေကြေး သုံးစွဲမှုဆိုင်ရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရအဖွဲ့များအနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ခြင်း။ (၄) စာရင်းဇယား တိကျမှန်ကန်ရေး အတွက် အောက်ခြေအဆင့်မှ ၍ အဆင့်တိုင်းတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် Data အချက်အလက် မျှဝေ ဆောင်ရွက်ခြင်း။


(၅) ပြည်သူသို့ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မှန်ကန်တိကျမှုရှိရန်နှင့် ထောက်ပံ့မှုဆောင်ရွက်သူနှင့် ပြည်သူအကြား  ကောင်းမွန်သော ဆက်ဆံဆောင်ရွက်မှုရှိရေး အလေးထားဆောင်ရွက်ခြင်း။ (၆) နှစ်စဉ်ရင်ဆိုင်နေရသည့် ရေကြီးရေလျှံမှုများ နှင့်စပ်လျဉ်းပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း။ (၇) သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသတွင်ရှိသော ရပ်ရွာလူထုအနေဖြင့် ဘေးဒဏ်ကို ပထမဆုံး ရင်ဆိုင်တုံ့ပြန်ရသူများ ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဒေသတွင်ရှိသော ပြည်သူများအား သဘာဝဘေးဆိုင်ရာ အသိပညာများတိုးပွားစေရေး၊ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း။ (၈) တိုင်းဒေသကြီး/ ပြည်နယ်များတွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု စသည့် အဆင့်ဆင့် ဖွဲ့စည်းထားရှိသော သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ အသီးသီး၏ လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ဆောင်ရွက်ခြင်း။ (၉) ဝန်ကြီးဌာနများအနေဖြင့် သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ၏ လုပ်ငန်းကဏ္ဍအလိုက် စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်ခြင်း။ 


(၁၀) သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများသည် စုပေါင်းအားဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ယခင်ထက် ပိုမိုပူးပေါင်းညှိနှိုင်းပြီး လိုအပ်ချက်များကို အပြန်အလှန် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ကြောင်း။ 


သဘာဝဘေးများ နှင့်ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရာတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များကပါ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ကြိုးပမ်းဆောင်ရွက်ကြပြီး အတူပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းများတွင်လည်း စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြ၍ ကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများအပေါ် မိမိတို့၏ ပညာရပ်များကို အသုံးပြုပြီး စေတနာအရင်းခံဖြင့် အကြံပေးအဖွဲ့တွင် ပါဝင်ကာ ကူညီဆောင်ရွက်ပေးကြသော ပညာရှင်များကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီ၏ ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က (၁/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကော်မတီ၏ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာငွေအရအသုံးစာရင်းကို ဖတ်ကြားတင်ပြ၍ အတည်ပြုချက်ရယူသည်။


ထို့နောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချိုနှင့် ဒေါက်တာသန်းမြင့်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ရန်ကုန်မြို့တော်ဝန်တို့က သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ခင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဌာနအလိုက်၊ ဒေသအလိုက် ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြကြသည်။


ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသား သဘာဝဘေး ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် လုပ်ငန်းများအား စံချိန်စံညွှန်းမီ၊ အရည်အသွေး ပြည့်မီစေရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များက အနီးကပ် ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းမှန်များကို ပြည်သူများ အချိန်မီနှင့်အချိန်နှင့်တပြေးညီ သိရှိအောင် ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှ ပြန်လည်ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းထက် ကြိုတင်ပြင်ဆင် ကာကွယ်ခြင်းလုပ်ငန်း သည် အကောင်းဆုံးဖြစ်၍ မိမိတို့အနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုထက်ပိုမို ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။ 


(သတင်းစဉ်)