ရန်ကုန် မေ ၁၈
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာအားကစား အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသား လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။
မြန်မာအားကစားအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ ချုပ်များမှ ဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများနှင့် ပြည်သူများက လေဆိပ်၌ အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ (၁၆)ဦး၊ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ် (၁)ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ ရွှေတံဆိပ်(၁)ဆု၊ ငွေတံဆိပ်(၅)ဆု၊ ကြေး တံဆိပ်(၂)ဆုရရှိသည့် ရိုးရာလှေလှော်အားကစားအဖွဲ့၊ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၈)ဆု ရရှိသည့် ဗိုဗီနမ်(အားနစ်) အားကစားအဖွဲ့၊ ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ် (၂)ဆုရရှိသည့် အလေးမအားကစားအဖွဲ့၊ ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ် (၄)ဆုရရှိသည့် တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ ငွေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၃)ဆု ရရှိသည့် ဂျူဒို အားကစားအဖွဲ့၊ ငွေတံဆိပ်(၁)ဆုရရှိသည့် ကြက်တောင်အားကစားအဖွဲ့၊ ကြေးတံဆိပ်(၁)ဆုရရှိသည့် ခရစ်ကက်အားကစားအဖွဲ့နှင့် စစ်တုရင်အားကစားအဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အား ကစားသမားများ စုစုပေါင်း(၁၅၅)ဦး ပြန်လည်လိုက်ပါလာကြသည်။
ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော်ခြင်း (အမျိုးသား) ကွင်းသွင်းပြိုင်ပွဲမှ သန်းဇော်ဦး၊ သိန်းဇော်မင်း၊ အောင်ကျော်မိုး၊ အောင်ဇော်၊ ကျော်ဇေယျာဝင်း၊ ဇင်ကိုကို၊ (အမျိုးသမီး) ကွင်းသွင်းပြိုင်ပွဲမှ ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ ကြူကြူသင်း၊ နိုင်နိုင်ဝင်း၊ နွယ်နွယ်ထွေး၊ ဆုတင်ဇာနိုင်၊ ရိုးရာလှေလှော် အသက် (၂၄)နှစ်အောက် အမျိုးသားငါးတက်လှော် (၂၅၀)မီတာ ပြိုင်ပွဲမှ ခန့်ဇော်အောင်၊ ပြည့်စုံအောင်၊ သက်ပိုင်ဖြိုး၊ စောနိုင်လင်းကျော်၊ တင်ကိုကို၊ ဗိုဗီနမ်(အားနစ်) အားကစားနည်း (၅၅-၆၀)ကီလို ဖော့တုတ် အတိုက်ပြိုင်ပွဲမှ စည်သူမောင်နှင့် အမျိုးသားအသင်းလိုက် အလွတ်တန်းပြိုင်ပွဲမှ အောင်ဇော်သက်၊ ရဲဇော်မိုး၊ မျိုးထွန်းအံ့၊ အလေးမ(၄၅)ကီလိုပြိုင်ပွဲမှ ဇင်မေဦး၊တိုက်ကွမ်ဒို အမျိုးသား (+၈၇)ကီလိုပြိုင်ပွဲမှ ကျော်မင်းနိုင်တို့ဖြစ်သည်။
မြန်မာအားကစားအဖွဲ့သည် ယခုယှဉ်ပြိုင်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် (၂၁)ဆု၊ ငွေတံဆိပ် (၂၅)ဆု၊ ကြေးတံဆိပ် (၆၈)ဆု၊ စုစုပေါင်း ဆုတံဆိပ် (၁၁၄)ဆု ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်၊၊
(သတင်းစဉ်)


