နေပြည်တော် မေ ၁၈

 

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဒါန်းသည့် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည် ဆောင်ရွက်လျက် ရှိကြောင်း၊  မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရေးကို စေတနာရှင်အလှူရှင်များက  လှူဒါန်းပေးအပ်သည့် အလှူငွေများကို သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် မုန်တိုင်းဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မုန်တိုင်း ဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ခွဲဝေလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အလှူရှင်များကိုယ်စားအလှူရှင်တစ်ဦးက မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယနေ့ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေကျပ် ၃၆၅,၆၆၁,၀၀၀ ဖြစ်ပြီး အလှူရှင်များအနေဖြင့် ဆက်လက်လှူဒါန်းလိုပါက နေပြည်တော်ကောင်စီသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)