စစ်တွေမြို့ မေ ၁၈
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ကုသရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ သူနာပြု သင်တန်းကျောင်း ကျောင်းဝန်းအတွင်း အမှိုက်များရှင်းလင်းနေမှုနှင့် အဆောက်အဦများ ပြင်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့၊ တိုင်းရင်းဆေးရုံကြီးသို့ ရောက်ရှိရာ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်သိန်းသိန်းဦးက ဆေးရုံကြီး၏ ပျက်စီး ဆုံးရှုံးမှုများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ကလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိရာ အထူးကုဆရာဝန်ကြီးများ၊RRT(Rapid Response Team) ဆေးအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မုန်တိုင်းမကျရောက်မီ၊ ကျရောက် နေစဉ်နှင့် ကျရောက်ပြီးအချိန်များတွင် (၂၄)နာရီပတ်လုံး ပြည်သူလူထု၏ကျန်းမာရေးကို ကျရာအခန်း ကဏ္ဍမှနေ၍ စောင့်ရှောက်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မုန်တိုင်းကျရောက်ပြီး အချိန်တွင်လည်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများစဉ်ဆက် မပြတ်လည်ပတ် နေစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပျက်စီးသွား သည့် ကျန်းမာရေးအဆောက်အဦများကို ပထမဦးစားပေးအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
နောက် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရသေ့တောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်များသို့ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သွားရောက်မည့် RRT(Rapid Response Team) ဆေးအဖွဲ့(၅)အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မုန်တိုင်းဒဏ်ခံပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ တကိုယ်ရေ အသုံးဆောင်ပစ္စည်းများ လုံလုံလောက်လောက် ယူဆောင်သွားရန်နှင့် အားဖြည့်ဆောင်ရွက်ရမည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ရှေ့ဆက်လက် ဆောက်ရွက်ရမည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ ယနေ့တွင် အထူးကုဆရာဝန် ဆေးအဖွဲ့(Specialist Medical Team)က ဘုန်းတော်ကြီး ကျောင်း(၆)ကျောင်းနှင့် အနောက်စံပြရပ်ကွက်၊ သက္ကယ်ပြင် တိုက်နယ်ဆေးရုံတွင် ကျေးရွာနေပြည်သူ လူထုကို ဆေးကုသမှုပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးအဖွဲ့များက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်နှင့် မိဇံရပ်ကွက်ရှိ ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များ တွင်ရှိသော အများပြည်သူ သောက်သုံးရေကန်များကိုများကိုလည်း ကလိုရင်းဆေးခတ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


