နေပြည်တော် မေ   ၁၈   

                                                                            

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန် များ၌ အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ကြေးပေးအပ်နိုင်ရေးအတွက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်(Social Management Information System-SMIS) စတင်အသုံး ပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်း ပညာဌာန၊ ဌာနမှူးနှင့် နည်းပညာအရာရှိများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က SMIS စနစ် အောင်မြင်စွာ အကောင်အထည်ပေါ်လာအောင် ကူညီပံ့ပိုးပေးသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊ SMIS စနစ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြစ်သော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများကို ထောက်ပံ့သော MCCT အစီအစဉ်နှင့် အသက်(၈၅)နှစ်အထက်ကို ထောက်ပံ့မှုများပေးနေသော လူမှုရေးပင်စင် အစီအစဉ်များတွင် အကျိုးခံစားခွင့်ရှိသူစာရင်း မှတ်ပုံတင်ခြင်း၊ စာရင်းသွင်းခြင်း၊ ထောက်ပံ့ ငွေပေးအပ်ခြင်း၊ အကျိုးခံစားသူအဖြစ်မှရပ်စဲခြင်း၊ ဖြည့်စွက်ဝန်ဆောင်မှုပေးခြင်း၊ တိုင်ကြား မှုများကိုဖြေရှင်းခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းစသည့် လုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။

 

၎င်းအပြင် SMIS စနစ်တွင် ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် Case Management Information -CMIS စနစ်နှင့် မသန်စွမ်းသူများအတွက် Disabled Management Information -DMIS တို့ကိုလည်းရေးဆွဲထားပြီး ယနေ့မှစ၍ စတင်အသုံးပြုမည်ဖြစ်ကြောင်း၊ SMIS စနစ်အား အသုံးပြုခြင်းဖြင့် သတင်းအချက်အလက်များကို လုံခြုံစွာသိမ်းဆည်းနိုင်မည့်အပြင်  ဒေသအလိုက်  အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ  သိရှိနိုင်မည်ဖြစ်၍ မူဝါဒပိုင်းဆိုင်ရာ အဆိုပြုမှုများ၊ သုတေသနလုပ်ငန်း များကိုလည်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) Soft ware နှင့်ပတ်သက်၍ နည်းပညာအကူအညီ အပြည့်အဝ ကူညီပံ့ပိုးပေးသည့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာန ဌာနမှူးက လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ကို SMIS စနစ် စတင်အသုံးပြုခွင့်ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အားလုံးကိုယ်စား နေပြည်တော်ကောင်စီ၊ လူမှုဝန် ထမ်းရုံးသို့ SMIS စနစ် စတင် အသုံးပြုခွင့်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က SMIS စနစ်အသုံးပြုမည့် လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်ရှိ ဌာနခွဲများသို့ ကြီးကြပ်ဆောင်ရွက်ခွင့်ကိုလည်းကောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)