စစ်တွေ မေ ၁၈
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုကာ ရိပ်သာတွင်နေထိုင်လျက်ရှိသော ဘိုးဘွားများကို ဂါရဝပြုနှုတ်ဆက်သည်။
ထို့နောက် ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘိုးဘွားများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဘိုးဘွားရိပ်သာမွမ်းမံပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ကြီးဌာနမှထောက်ပံ့သည့် လှူဒါန်းငွေကျပ်(၁၀)သိန်းကို ရိပ်သာကြီးကြပ်ရေးမှူးထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ကလေးပြုစုရေးဌာန၌ ကလေးငယ်များကို တွေ့ဆုံ နှုတ်ဆက်အားပေးကာ မုန့်များဝေငှ၍ ကလေးငယ်များ လတ်တလော စားသောက်နေထိုင်မှုအဆင် ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များကို တာဝန်ရှိသူများအား မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်း အမိုးလန်ပျက်စီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားကာ လတ်တလောကာလအတွင်း ဝန်ထမ်းမိသားစုများ စားသောက် နေထိုင်မှု အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး အားထုတ်ကြိုးပမ်းရမည့်အချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုန်တိုင်းဒဏ်ကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် စစ်တွေမြို့ ပြည်နယ်သိုလှောင်ရုံ ထိခိုက်ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ရေးပစ္စည်းများ အလေအလွင့် မရှိစေရေး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစီအစဉ်ဖြင့် သတ်မှတ်နေရာများသို့ အမြန်ဆုံး ဖြန့်ခွဲပို့ဆောင်နိုင်ရေး၊ စာရင်းဇယားများ စနစ်တကျ မှတ်တမ်းတင်ထားရှိရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


