နေပြည်တော် ၊ မေ ၁၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေကျပ် (၄၀၀) ဘီလီယံမှ ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ဘီလီယံ ၂၃၀ ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ (၆) ခု တို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မတည် ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေ ကျပ် ဘီလီယံ (၇၀) မှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင်နိုင်ရေးအတွက် ငွေကျပ် (၅၀) ဘီလီယံ နှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် ဘီလီယံ (၂၀) တို့ကို ခွင့်ပြုခဲ့ပါကြောင်း၊ တတိယအနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန် ငွေမှ ငွေကျပ် ၅၂ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေသို့ လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ငွေကျပ် ၈ ဘီလီယံစီ ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ငွေကျပ် ၄၅၂ ဘီလီယံ ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံး ထုတ်ချေးရမည့် ချေးငွေပမာဏထက်ကျော်လွန်၍ ထုတ်ချေးထားသော ချေးငွေများအပေါ် လုံလောက်သော အာမခံရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန်ပြန်လည် ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ ရောက်သော်လည်း စတင်ချေးယူခဲ့ သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကြေစွာပြန်လည်ပေးဆပ်စေရေး ဆောင်ရွက်ရန်နှင့် ချေး ငွေပေးဆပ်ပြီးပါက ချေးငွေပမာဏသတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ် ချုပ်ရေးအဖွဲ့များသို့ အကြောင်း ကြားထားပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ အနေဖြင့် တိုင်းဒေသ ကြီး/ပြည်နယ် ၈ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ၆ ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ပြီး စစ်ဆေးမည် ဖြစ်ကြောင်း။
ယနေ့အစည်းအဝေးတွင် မွန်ပြည်နယ်မှတင်ပြသည့် အထူးချေးငွေ ထုတ်ချေးပေးနိုင်ရေးကိစ္စနှင့် ချင်းပြည်နယ်မှ တင်ပြသည့်ချေးငွေ သက်တမ်းတိုးမြှင့်ပေးနိုင်ရေး ကိစ္စတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံ ခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက် ပျက်စေဘဲ တိုးပွားလာ စေရန်နှင့် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးညွန့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


