မာန်အောင် မေ ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့ လိုက်ပါလျက် ယမန်နေ့ ညနေ ၄ နာရီက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျီချောင်းဝကျေးရွာ (အမက)၊ မီးလောင့်ထောင့်ကျေးရွာ (အမက)၊ ကျောက်တန်းကျေးရွာ (အထက) စသည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် နေရာများကို ဦးစားပေခြင်းဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်အနေဖြင့် ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများကို ဦးစားပေး ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးမှုစာရင်းဇယားများ မှန်ကန်ရန်လိုကြောင်း၊ ပြည်သူများကလည်း တက်ညီလက်ညီ အားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်က သဘာဝဘေးကျရောက်ပြီးစီးမှု အခြေအနေနှင့် စာရင်းကောက်ယူထားမှု အခြေအနေများကို တင်ပြရာ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက စာရင်းဇယား မှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)


