ကျောက်ဆည်   ၁၆  ဖေဖော်ဝါရီ   

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အား အမှိုက်ကင်းစင်သည့် မြို့အဖြစ် သတ်မှတ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲထားရှိပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

 

လက်ရှိတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်၍ ကျောက်ဆည်မြို့ပေါ်ရှိ ရပ်ကွက်ငယ် နှစ်ရပ်ကွက်လျှင် အမှိုက်သယ်ယာဉ်  တစ်စီးနှုန်းဖြင့် ရပ်ကွက်များအတွင်းရှိ အမှိုက်များကို ရှင်းလင်းဆောင်ရွက်နေပြီး ဆက်လက်၍ ရက်ကွက်ကြီးတစ်ရပ်ကွက်လျှင် အမှိုက်သယ်ယာဉ် တစ်စီးနှုန်းဖြင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ အမှိုက်များ ရှင်းလင်းဆောင်ရွက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။

 

'' ကျောက်ဆည်မြို့ကို အမှိုက်ကင်းစင်သည့် မြို့အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး  စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်၊ ဒီလိုလုပ်ဆောင်ရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်နေပြည်သူတွေကပါ အတူတကွ ပူးပေါင်းပါဝင်  လုပ်ဆောင်သွားကြမှာပါ ''ဟု ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

 

FB_IMG

 

ကျောက်ဆည်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်ရှိပြီး လက်ရှိတွင် အမှိုက်သိမ်းယာဉ် ရှစ်စီးဖြင့်နေ့စဉ် အဆိုပါရပ်ကွက်များအတွင်းရှိ အမှိုက်များကို ရှင်းလင်းဆောင်ရွက်ပေးနေကြောင်း၊ ယခုလကုန်တွင် အမှိုက်သိမ်းယာဉ်များ ထပ်မံရောက်ရှိမည်ဖြစ်ပြီး ထပ်မံရောက်ရှိလာပါက တစ်ရပ်ကွက်လျှင် တစ်စီးနှုန်းဖြင့် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။

 

''ကျွန်တော်တို့စည်ပင်သာယာအဖွဲ့က  အမှိုက်သယ်ယာဉ်ပေးမယ်။ လိုအပ်မယ့် စက်သုံးဆီထည့်ပေးမယ်၊ အမှိုက်သိမ်း ဝန်ထမ်းပေးမယ်၊ ရပ်ကွက်ကနေပြီး သက်ဆိုင်တဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်နေပြည်သူတွေက မိမိရပ်ကွက် သန့်ရှင်းသာယာလှပရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့ပါဘဲ လိုအပ်ပါတယ် ' ဟု ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

 

ကိုမင်း(အင်းတော်)  

 

FB_IMG_15