စစ်ကိုင်း  ၁၆  ဖေဖော်ဝါရီ   

 

စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ ရွှေဆေးသင်္ကန်းများ ခွာချွတ်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်၍ အဖြူရောင်ဆေးသင်္ကန်း ကပ်လှူမှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

 

ကောင်းမူတော်စေတီတော်ကြီး လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှူရန်ရန် အတွက် လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ နေ့ကစတင်၍ အောင်ပြည်တန်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ရွှေဆေးများ ခွာချခြင်းလုပ်ငန်းကို ဇန်နဝါရီ  ၃၀ ရက်နေ့က ပြီးစီးခဲ့ကြောင်း နှင့် ဖေထော်ဝါရီ ၁ ရက်နေ့က စေတီတော်လုံးတော်ကြီးအား Flexible Protective Coating (Mapelastic)ကို သုတ်လိမ်းခဲ့ပြီး လက်ရှိတွင် အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူနေပြီဖြစ်ကြောင်း သိရသည်။

 

FB_IMG_

 

''တပေါင်းလပြည့်နေမှာ သီတဂူဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ အမီ ပြီးစီးအောင် လုပ်မှာ ဖြစ်တဲ့ အတွက်  အခု လက်ရှိ အခြေအနေအရ ဆိုရင် အားလုံးမွန်းမံပြီးစီးပြီ ဖြစ်တဲ့ အတွက် အဖြူဆေးသုတ်တဲ့ လုပ်ငန်းကို စတင်ဆောင်ရွက်နေပါပြီ အားလုံးပြီးပြည့်စုံ ပြီးစီးခဲ့တာ ရာခိုင်နှုန်းအရဆို ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီး လုပ်ငန်းအနေနဲ့ ကျန်ရှိတာက ဆေးဖြူ သင်္ကန်းကပ်လှူမှုနဲ့ ဆေးဖြူ သင်္ကန်း  ပြီးတာနဲ့ အပေါ်ကနေ လိုက်ကာ ပြန်သုတ်ဖို့ပဲ ကျန်ပါတော့တယ် "ဟု ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

 

ကောင်းမှုတော်စေတီတော်ကြီးအား လက်ရှိရွှေဆေးမှ အဖြူရောင်ဆေး ပြန်လည်ကပ်လှူပူဇော်မှုကို သီတဂူဆရာတော်ကြီး ကိုယ်တိုင်ဦးစီး၍ ပြုလုပ်နေပြီး သီတဂူဆရာတော်ကြီး၏ မွေးနေ့(တပေါင်းလပြည့်)မတိုင်မီ ကောင်းမူတော်စေတီတော်အား အဖြူရောင်ဆေးသင်္ကန်း အပြီးကပ်လှုမည်ဖြစ်ကာ တပေါင်းလပြည့်နေတွင် ကောင်းမူတော်စေတီတော်တွင် သံဃာအပေါင်းတစ်ထောင်နှင့် အနေကဇာတင်ခြင်းနှင့် အဆိုပါ သံဃာအပါးတစ်ထောင်အား ဆွမ်းဆမ်းစိမ်းလောင်းလှူ သွားမည်ဖြစ်ကြောင်း နှင့် ရွှေဆေးချွတ်ခြင်းမှထွက်ရှိလာသည့် အပိုင်းအစများကို ကောင်းမူတော်စေတီပုံစံ ငယ်တစ်ဆူ တည်ထားသွားမည်ဖြစ်ကြောင်း  ကောင်းမူတော် စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

 

ကောင်းမှုတော်စေတီတော်ကြီးအား အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်ရန် အီတလီနိုင်ငံထုတ် အဆင့်မြင့် အဖြူရောင်ဆေးပစ္စည်း တန်းဖိုးအနေဖြင့် ငွေကျပ်သိန်း ၁၁၀ဝ ကျော် နှင့် ဆေးသုတ်လုပ်အားခမှာ ကျပ်သိန်း ၁၃၀ဝ ကျော် ကုန်ကျမည် ခန့်မှန်းထားကြောင်း  အောင်ပြည်တန်ကုမ္ပဏီမှ  သိရသည်။    

 

ကိုမင်း(အင်းတော်)

 

FB_IMG