မန္တလေး ၁၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းအတွင်း မိုးရာသီချေးငွေထုတ်ချေးကာနီးမှ ချေးငွေ ပြန်ဆပ်သည့် (ဆပ်/ထုတ်) များကို ထုတ်ချေးသွားမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
၂၀၁၈ ခုနှစ်မိုးရာသီချေးငွေများကို တောင်သူများအား မတ်လနောက်ဆုံးထားပေးဆပ်ရန် နှိုးဆော်ထားပြီး တောင်သူအချို့မှာ သတ်မှတ်ချိန်တွင် လာမပေးဆပ်ဘဲ ၂၀၁၉ ခုနှစ် မိုးရာသီချေးငွေများထုတ်ချေးပေးမည့် ဇွန်လမှသာ လာရောက်ပေးဆပ်ခြင်းများရှိတတ်ခြင်းကြောင့် ယခုလိုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
'' ဆပ်/ထုတ်မရဘူး။ ကောက်ခံနေတဲ့အချိန်မှာ ငွေအကြေဆပ်ဖို့တိုက်တွန်ထားတယ်။ မိုးရာသီချေးငွေ ထုတ်တော့မယ်ဆိုမှ အရင်ချေးထားတာတွေ ပြန်ထုတ်မယ်ဆိုတာက သဘာဝမကျဘူးလေ။ ဒါက မှားယွင်းပြီးတော့ ဖြစ်နေတဲ့အလေ့အကျင့်ကြီးဖြစ်တယ်။ " ဟုအဆိုပါ ဘဏ်မှ မန်နေဂျာ ဦးစုကပြောသည်။
မန္တလေးတိုင်းတွင် မြစ်သား၊ ရမည်သင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ သာစည်စသည့်မြို့နယ်များမှ တောင်သူများက ဆပ်/ထုတ်ပြုလုပ်ကြပြီး ငွေချေးကာနီးမှ လာရောက်ပေးဆပ်ခြင်းများမပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများထံ အကြောင်းကြားထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
မန္တလေးတိုင်းအတွင်း ၂၀၁၈ ခုနှစ်မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ်သန်းတစ်သိန်းရှစ်ထောင်ကျော် ထုတ်ချေးပေးထားရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျပ်သန်း သုံးသောင်းနှစ်ထောင်ကျော် ပြန်လည်ကောက်ခံရရှိထားပြီးဖြစ်ကြောင်း ယင်းဘဏ်၏ စာရင်းဇယားများအရ သိရသည်။
သူရိန်လင်း


