ရန်ကုန် ၁၆ ဖေဖော်ဝါရီ

ယနေ့သည် စနေနေ့ရုံးပိတ်ရက် အားလပ်ရက်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းသည် စာပေချစ်သူ၊ မြတ်နိုးသူများ၊ လေ့လာသူများနှင့်အတူ စည်ကားလျက်ရှိသည်။

ရန်ကုန်စာအုပ်လမ်းတွင် စာပေချစ်မြတ်နိုးသူများအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ သုတရသ အဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို/ ဝတ္ထုရှည် စာအုပ်များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတရသစာအုပ်များ၊ ဆေးပညာဆိုင်ရာ စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ၊ ဗေဒင်စာအုပ်မျိုးစုံ၊ ဗုဒ္ဓဝင်ကာတွန်းစာအုပ်များကို  စာအုပ်ဆိုင်များက ဈေးနှုန်းချိုသာစွာဖြင့် ရာခိုင်နှုန်းလျော့ ရောင်းချပေးလျက်ရှိသည်။

 

mdn

 

ထို့ပြင် စာရေးဆရာရဲမှိုင်း၏ ဒုတိယမြောက် ကဗျာလုံးချင်းဖြစ်သည့် “ပန်းလှေပေါ်က ဆည်းဆာအလှ” စာအုပ်ကို စာပေမြတ်နိုးသူများကို မိတ်ဆက်ခြင်းနှင့် ဆရာဦးကျော်ဇေယျ၏ “ကျွန်တော်နှင့်စာအုပ်များ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲတို့ကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းကျင်းပသည်။

စနေ- တနင်္ဂနွေ စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ကူညီမှုဖြင့် ဖွင့်လှစ်ရောင်းချထားရာ စာပေချစ်မြတ်နိုးသူများအနေဖြင့် စနေ- တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လာရောက်လေ့လာ ဝယ်ယူစေချင်ကြောင်း သတင်းကောင်းပါးလိုက်ရသည်။

သတင်း - ကိုကိုဇော်၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

mdn