ပေါက် ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့မရဲစခန်းမှူးတို့ပူးပေါင်း၍ လူမှောင်ခို လူကုန်ကူး တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်တရားသူကြီး ဦးလွှမ်းမိုးအောင်က လူမှောင်ခို လူကုန်ကူးခြင်း ဆိုင်ရာများ၊ လူကုန်ကူးမှု ပြစ်မှုကျူးလွန်ပါက ကျခံစေရမည့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ပေါက်မြို့မစခန်းမှူး ဒုတိယရဲမှူး ဇေယာသန်းက လူကုန်ကူးမှု မခံရစေရေး ဆောင်ရန်ရှောင်ရန်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနှင့် ပြစ်ဒဏ်များ၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောမြင့်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးမှူး(၁) ဒေါ်လိန်းထုံးအွယ်က ကျန်းမာရေးနှင့် ပတ်သက်၍ HIV AIDS ရောဂါအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ သင်တန်း ဆရာမများနှင့် သင်တန်းသူများ စုစုပေါင်း ၇၀ ဦးကျော် တက်ရောက်ကြောင်း သိရသည်။
ဉာဏ်တိုး (ပေါက်)


