ဘားအံ ၁၆ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(ဘားအံ)တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့ ပူးပေါင်းပြီး ဖွင့်လှစ်ပေးသည့် သင်တန်းရှိ သင်တန်းသားများအား ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်ထုအတွင်း စာဖတ်သည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ဖေဖော်ဝါ ရီ ၁၆ ရက် နံနက် ၉ နာရီက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ နေရာဖြစ်သော အဆိုပါသင်တန်းရှိ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၉)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၉)၊ မော်တော်ယာဉ်/ စက်ပြင်သင်တန်း အမှတ်စဉ်(၈)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၇)တို့မှ သင်တန်းသား (၈၀)ဦးတို့အား ဘားအံမြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ဆရာဦးသန်းအောင် (မောင်လူဝိုင်း)က လူငယ်များအတွက် စိတ်ဓါတ်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် လူငယ်များအတွက် အသိပညာပေး ဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်စိုးစိုးအေးက “ခေါင်းဆောင်ကောင်းဖြစ်မယ့်သူတိုင်း စာဖတ်ကြတယ်” ခေါင်းစဉ်ဖြင့် ဟောပြောကြရာ သင်တန်းကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းကြသည်။

ဆက်လက်၍ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများ၊ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာများ၊ နံရံကပ်စာစောင်များ၊ ဓါတ်ပုံများနှင့် စာအုပ်စာစောင်များကို ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)