ပုသိမ် ၁၆ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် Gandamar Ballroom (Pathein) နှင့် The Fancy Shop / Angle Bistro ဆိုင်ခန်းများ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက (၄) ရပ်ကွက်၊ ကန်းနားလမ်း၊ အမှတ် (၆၄) နေရာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စိုး၊ ရွှေဂန္ဓမာ အင်တာနေရှင်နယ်ထရေးဒင်း လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
၎င်းနောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးက ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တာဝန်ရှိသူတို့က အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အဆောက်အဦအတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး ခန်းမအတွင်း၌ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားကာ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံများရိုက်သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရွှေဂန္ဓမာ အင်တာနေရှင်နယ် ထရေးဒင်း လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့် (ပြန်/ဆက်)


