မန္တလေး ၁၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး လေအေးပေးစက်နှင့် ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် လေအေးပေးစက်နှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးပြပွဲ အထူးဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဈေးရောင်းပွဲတွင် ပါဝင်ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယခုကျင်းပသည့် ဈေးရောင်းပွဲတော်ကို အရည်အသွေးပြည့်ဝ၍ အာမခံမှုရရှိစေမည့် ပစ္စည်းအမျိုးအစား အစုံအလင်ကို တစ်နေရာတည်း၌ ကြိုက်ရာရွေးချယ်ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ကာ ပြပွဲကာလအတွင်း နည်းပညာဆိုင်ရာ ဟောပြောပွဲများကို နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ နှစ်ကြိမ်ခွဲ၍ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လေအေးပေးစက်နှင့် ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။
အဆိုပါပြပွဲတွင် Main Sponsor အနေဖြင့် Mitsubishi နှင့် Chigo ကုမ္ပဏီတို့မှ ပါဝင်ပြသသွားမည့်အပြင် အခြားကုမ္ပဏီများလည်း ဝင်ရောက်ပြသသွားမည်ဖြစ်ကာ ပြခန်းစုစုပေါင်း ၆၀ ကျော် ပြသသွားမည်ဖြစ်သည်။ ပြပွဲအတွင်း လာရောက်ဝယ်ယူသူများအား အထူးလျော့ဈေးများဖြင့် ရောင်းချပေးမည့်အပြင် ကံစမ်းမဲအစီအစဉ်များ၊ အမှတ်တရ လက်ဆောင်များကိုလည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုးကျော်၊ ဓာတ်ပုံ - အေပီကေ


