အမရပူရ ၁၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးသည် အမရပူရမြို့နယ် ဆင်ရွာ-မြင်းမှူးကျေးရွာ၊ ရန်ုကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင် (၃၆၁) ၏ အနောက်ဘက် ကိုက် ၂၀ဝ၊ စစ်ကိုင်းမြစ်ငယ် ကားလမ်းမိုင်တိုင် (၄/၇) ၏ တောင်ဘက် ပေ ၁၀ဝ၀ ခန့် အကွာတွင် တည်ထားလျက်ရှိသည်။
အဆိုပါကျောက်စိမ်းစေတီတော်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ကိုက် ၂၀ဝ အကွာအဝေးတွင် နီးကပ်စွာ တည်ရှိနေသော်လည်း စကားအင်းအဝိုင်းဘက်မှပတ်၍ စစ်ကိုင်းမြစ်ငယ် ကားလမ်းဘက်မှ လာရောက်ကြရခြင်းကြောင့် ၁၃ မိုင်ခရီး ပိုမောင်းကြရပြီး အချိန်အားဖြင့် ၁၅ မိနစ်ကြန့်ကြာကာ နေ့စဉ် ကျပ် သိန်း (၅၀) နှင့် (၇၀) ခန့်အထိမှာ အကျိုးမဲ့ကုန်ဆုံးနေရကြောင်း ဂေါပကတာဝန်ရှိသူများထံမှ သိရသည်။
ယခုအချိန်တွင် ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရန်အတွက် အမြန်လမ်းမကြီးဘက်မှ အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်သော လမ်းပေါက်ရှိရေး ဘုရားဒါယကာ ဦးစိုးနိုင်ကိုယ်တိုင် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သြဝါဒစာရိယဆရာတော်ကြီးများထံမှ ခွင့်ပြုချက်လက်မှတ်များရှိပြီး တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများထံ ဆက်လက်တင်ပြ တောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းစေတီတော်အား နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းများဖြင့် တည်ထားခြင်းကြောင့် ထင်ရှားလျက်ရှိနေပြီး နေ့စဉ် ပြည်တွင်း/ပြည်ပ ဘုရားဖူးများနှင့် နိုင်ငံတကာခရီးသွားများ လာရောက်လျက်ရှိကြောင်း၊ နေ့စဉ် ဆိုင်ကယ်စီးရေ ၃၀ဝ၀ ကျော်၊ ကားကြီး/ကားသေး ၁၀ဝ၀ ကျော် လာရောက်ကြပြီး လပြည့်/လကွယ် ရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးများ ပိုမိုလာရောက်ကြကြောင်း သိရသည်။
ဦးခင်မောင်မြင့် (ဇမ္ဗူသီရိ)


