ရန်ကုန် ၁၇ ဖေဖော်ဝါရီ
၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချနေသော ပထမအကြိမ် ကျပ် ၁၀ဝ၀ တန် ထီလက်မှတ် အရင်းဈေးနှုန်းမှာ ၉၁၀ ကျပ်နှုန်းသာရှိသည်။ ရန်ကုန် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြင်ပထီဈေးကွက်တွင် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ထီလက်ကားဈေးနှုန်းမှာ ကျပ် ၈၀ဝ သို့ ဈေးကျဆင်းလာရာမှ တတိယပတ်အစ ယခုရက်ပိုင်းတွင် ကျပ် ၇၀ဝ နှုန်းသို့ ဈေးကျဆင်းလာသည်ဟု လမ်းမတော်မြို့နယ်ရှိ ထီရောင်းချနေသူတစ်ဦးက ဆိုသည်။
လမ်းမတော်မြို့နယ်အတွင်း လကုန်ရင်လျှင် ထခုန်ရမည်ဆိုသော ပြောဆိုသံဖြင့် လမ်းများအတွင်း အိမ်တိုင်ရာရောက် လိုက်လံရောင်းချနေသည့် သက်ကြီးရွယ်အို လက်ပွေ့ထီရောင်းချနေသူ တစ်ဦးထံတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်တစ်စောင်ကို ကျပ် ၉၀ဝ နှုန်းဖြင့် ဝယ်ယူကံစမ်းခဲ့ရသည်ဟု ၁၁ လမ်းထိပ်တွင် ဈေးရောင်းနေသူ ကိုထိုက်ကပြောဆိုသည်။
သို့သော် ယင်းပုဂ္ဂိုလ်ထံမှပင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင်မူ ထီတစ်စောင်လျှင် ကျပ် ၈၀ဝ ဖြင့်သာ ရောင်းချနေသည်ကို ၉ လမ်းထိပ် မော်တင်မှတ်တိုင်အနီး မြင်တွေ့ရသည်ဟု ယင်းနေရာအနီး အလုပ်လုပ်ကိုင်နေသူ ဦးရှည်ကဆိုသည်။
အထိုင်ထီဆိုင်အများစုတွင် ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀ဝ၀ နှုန်းဖြင့်ပင် အသိပေးစာများ ချိတ်ဆွဲရောင်းချနေဆဲရှိသည်ကို မြင်တွေ့ရသည်။ ကျပ် ၅၀ဝ တန်များကို သတ်မှတ်ဈေးထက်ပို၍ ၆၅၀၊ ၇၀ဝ ကျပ်နှုန်းအထိ ရောင်းချနေတတ်သော ရောင်းအားကောင်း တချို့ထီဆိုင်များတွင်မူ ကျပ် ၁၀ဝ၀ တန် ထီ ၁၀ စောင်လျှင် ကျပ် ၅၀ဝ တန် ထီတစ်စောင် အပိုလက်ဆောင်ပေးမည်ဟု အသိပေးစာတမ်းများ ကပ်ထားသည်ဟု သိရသည်။
သို့သော် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ် ၁၀ဝ၀ တန်ထီ ၉ စောင်နှင့် ထီ ၅၀ဝ တန် တစ်စောင်လျှင် အရင်းဈေးနှုန်း ၈၆၄၅ ကျပ် သတ်မှတ်ရောင်းဈေးနှုန်းအရ ၉၅၀ဝ ကျပ်ရှိသော်လည်း ကျပ်သိန်းပေါင်း ၂၅၀ဝ၀ ပေါက်နိုင်သည့် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း အခွင့်အလမ်းရနိုင်သည်ဟု အသိပေးစာ ချိတ်ဆွဲကာ ကျပ် ၁၀၅၀ဝ ဖြင့် ရောင်းချခဲ့သည်။
ပထမအကြိမ်ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်၏ ပြင်ပထီဈေးကွက်အတွင်း လက်ကားဈေး (ကိုယ်စားလှယ်ဈေး)သည် အရင်းဈေးနှုန်းထက် ၂၁၀ ကျပ် ဈေးလျော့ကျလာ၍ ထီရောင်းသူများ ကျပ်သိန်းရာချီ အရှုံးရှိလာသည်ဟု ဖေဖော်ဝါရီ ၁၆ ရက်ထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တစ်စောင်တွင် ဖော်ပြလာသည်။
ထီပြင်ပဈေး ကျဆင်းလာသဖြင့် အရှုံးရှိလာသည်ဟု သတင်းမီဒီယာတချို့တွင် သတင်းဖော်ပြလာသော်လည်း အရင်းဈေးထက် ထီတစ်စောင်လျှင် ကျပ် ၂၀ဝ ဝန်းကျင် ဈေးမြင့်ရောင်းချခဲ့ကြသည့် အကြိမ်ပေါင်းများစွာတွင်ရှိခဲ့၍ ရလာသော အကျိုးအမြတ် ငွေကြေးပမာဏကိုမူ အများပြည်သူအနေဖြင့် သိခွင့်မရခဲ့ပါဟု ထီထိုးသူအချို့က ဆိုသည်။
ဝင်ငွေနည်းပါးသော ပြည်သူများအတွက် ဝင်ငွေရလမ်းသဖွယ် မျှော်လင့်အားထား ကံစမ်းနေရသည့် နိုင်ငံတော်အတွက်လည်း အခွန်ငွေများစွာ လစဉ်ရရှိနေသော အောင်ဘာလေ သိန်းထီလက်မှတ် ရောင်းချနေသည့် လုပ်ငန်းတွင် ထီလက်မှတ်ထုတ်ယူခွင့်ရ ထီရောင်းလုပ်ငန်းရှင် အနည်းစု၏ ထီဈေးကွက်အတွင်း ထီဈေးနှုန်း ကစားမှုများ ကြုံတွေ့ရတတ်သည်။
ကိုယ်စားလှယ် လက်ကားပြင်ပထီဈေးနှုန်း မြင့်တက်လျှင် ထီထိုးသူများ ဈေးမြင့်သည်ကို ကြုံတွေ့ရသည်။
ပြင်ပဈေးကျချိန်တွင် ထီရောင်းဈေးချမပေးဘဲ ရှိနေသည်။ ထီရောင်းချနေသည့် လုပ်ငန်းမှ အကျိုးအမြတ်များစွာ ရရှိချိန်တွင် အများပြည်သူ သိခွင့်မရသော်လည်း ရံဖန်ရံခါ အရှုံးရှိလာချိန်တွင် ထုတ်ဖော်ပြောကြားခြင်း ရှိလာခြင်းမျိုးသည် အကျိုးအမြတ်ရရန်အတွက် စီးပွားရေးလုပ်ခြင်း ဖြစ်သည်ဟု စီးပွားရေးလောကတွင် ပြောဆိုလေ့ရှိသည့် စကားရပ်သာ ဖြစ်သည်။
သို့သော် ဝင်ငွေနည်းပြည်သူအများစု၏ မိမိဝင်ငွေ အနည်းငယ်မှ လစဉ်ကံစမ်းနေရခြင်းအပေါ် အကျိုးအမြတ်များစွာ ရယူနေသည်ကိုမူ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ပေးစေလိုသည်ဟု ထီထိုးနေသူအများစုက ပြောဆိုနေသည်။
ခင်ဆိုင်


