နေပြည်တော် ၁၇ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုင်ငံတော်ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေပြည်သူများအား လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ကာ ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်များ ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါ ၃၀ ရက်မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်မှတစ်ဆင့် ကလေးဝမြို့ပေါ် ၃ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာ ၃ ရွာတို့အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကလေးခရိုင် ၆၆ ကေဗွီ ကလေး-ကလေးဝ ဓာတ်အားလိုင်း ၄၇ မိုင်နှင့် ကလေးဝ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများအား ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခြင်းဖြစ်ကာ စုစုပေါင်းအိမ်ထောင်စု ၂၀၉၇ စုအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မီးသုံးစွဲသူ ၂၂၀ဝ ဦးအထိ တိုးမြှင့်သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၁၉၆၇ ခုနှစ်မှစ၍ သစ်ချောက်ကျေးရွာရှိ ဌာနပိုင် ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ဖြင့်လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ဖြင့်လည်းကောင်း မြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာနှစ်ရွာရှိ မီးသုံးသူ ၄၀ဝ ခန့်အား ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ၈၆၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မီးသုံးသူ ၉၅၇ ဦးတို့အား တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ်တွင် ၅၀ဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် တစ်လုံးဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ၅၀ဝ ကေဗွီအေနှင့် ၃၄၀ ကေဗွီအေ ဓာတ်အားပေးစက် နှစ်လုံးဖြင့်လည်းကောင်း၊ ဓာတ်အားသုံးစွဲမှု တိုးတက်မြင့်မားလာသဖြင့် ၂၀၁၈ ခုနှစ်တွင် ၃၄၀ ကေဗွီအေနှင့် ၈၀ဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် သုံးလုံးဖြင့်လည်းကောင်း မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာ (၂)ရွာ စုစုပေါင်းမီးသုံးစွဲသူ ၁၇၆၁ ဦးတို့အား ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ ၆ လုံး၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၇)မိုင်၊ ၄၀ဝ ဗို့ဓာတ်အားလိုင်း (၁၄)မိုင်တို့ဖြင့် တစ်ရက်လျှင် ၃ နာရီခွဲခန့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးဝမြို့တွင် ကျေးရွာပေါင်း ၁၂၅ ရွာရှိသည့်အနက် အစိုးရဒီဇယ်ဓာတ်အားပေးစက်ဖြင့် ကျေးရွာနှစ်ရွာ၊ နေရောင်ခြည်စွမ်းအင်ဖြင့် ကျေးရွာ ၂၉ ရွာ၊ ပုဂ္ဂလိက ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ကျေးရွာ ၉၄ ရွာ မီးလင်းပြီးဖြစ်ရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း ဓာတ်အားစနစ်ဖြင့် မီးလင်းရန် ကျန်ရှိနေသော ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဘဏ္ဍာနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)


