မင်းဘူး ၁၇ ဖေဖော်ဝါရီ
ဧရာဝတီမြစ်ရေတက်သော်လည်း ရေမရောက်နိုင်သည့် နှစ်ထပ်ဈေးသစ်ကြီးတစ်ခုကို မင်းဘူးမြို့၊ ဧရာဝတီမြစ်ကမ်းဘေး ဈေးဟောင်းကြီးနေရာတွင် ဈေးဖြစ်မြောက်ရေးကော်မတီက ဦးဆောင်၍ ဆောက်လုပ်ရန်စီစဉ်လျက်ရှိပြီး အပေါ်ထပ်တွင် ဈေးဆိုင်ခန်းများနှင့် ဈေးအောက်ထပ်တွင် ကားအစီးရေ (၇၂)စီးထားနိုင်သော ကားပါကင်၊ ဆိုင်ကယ်စတန်း၊ ရေချိုးခန်းနှင့် အိမ်သာများ ပါရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှင့် အထွေထွေလုပ်ငန်းများ တည်ဆောက်ရန် ငွေကျပ်သိန်းပေါင်း (၂၃၃၂၅) ကုန်ကျမည်ဟုတွက်ချက်ထားပြီး ဈေးတည်ဆောက်ရန် Drawing နှင့် အင်ဂျင်နီယာငှားရမ်းခြင်း၊ အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ် ၁၁၄၅ သိန်း၊ ဈေးတည်ဆောက်ရေးအတွက် ငွေကျပ် ၂၂၁၈၀ သိန်း အသုံးပြုမည်ဟု သိရသည်။
“ဈေးဆိုင်ခန်းတွေက ပေ ၂၀ နဲ့ ၁၅ ပေအကျယ်လမ်းတွေပေါ်မှာ ရှိပါတယ်။ ကုန်စုံဆိုင် (၁၇၆)ခန်း၊ စားသောက်ဆိုင် (၂၂)ခန်း၊ ပျံကျ(၁၅၆)ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပျံကျခန်းအတွက် (၁၅)သိန်းကျပ်၊ ကုန်စုံဆိုင်အခန်းတွေက နေရာပေါ်မူတည်ပြီး သိန်း ၁၀ဝ ကနေ ၁၅၅ သိန်းထိ၊ စားသောက်ဆိုင်ခန်းတွေကတော့ ထောင့်ခန်း ၁၆၅ သိန်း၊ ကြားခန်း သိန်း ၁၅၀ ရောင်းဈေးသတ်မှတ်ထားပါတယ်။ ဆိုင်ခန်းအားလုံးရောင်းရမယ်ဆိုရင် ငွေကျပ် ၂၇၁၃၅ သိန်း ရရှိမှာဖြစ်ပြီးတော့ ဈေးတည်ဆောက်လို့ ပိုလျံတဲ့ငွေတွေကို ဈေးရန်ပုံငွေအဖြစ် ထားရှိပါမယ်” ဟု ဈေးဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ပြောသည်။
မင်းဘူးမြို့ အမှတ်(၂)ဈေးကြီး တည်ဆောက်ရန် တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီ(၂)ခု ပြိုင်ဆိုင်ကြပြီး စည်းမျဉ်းစည်းကမ်း လိုအပ်ချက်များအရ တင်ဒါအောင်မြင်မှုမရှိခဲ့ကြောင်း၊ ကုမ္ပဏီများတင်ဒါမအောင်၍ ဈေးကော်မတီမှ တာဝန်ယူ တည်ဆောက်ရမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဈေးသူဈေးသားများ၊ မြို့မိမြို့ဖများ၊ စိတ်ပါဝင်စား သူများကို ဖိတ်ကြားပြီး ဈေးကော်မတီမှ ဈေးတည်ဆောက်မည့်ကိစ္စကို လက်ခံနိုင်မှု ရှိ၊မရှိအပေါ် သဘောထားရယူခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်း၊ သဘောတူညီမှုရရှိခြင်းအား မကွေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက တည်ဆောက်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ဈေးဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
“ဈေးကော်မတီက တည်ဆောက်တာကို ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဖြစ်စေချင်ပါတယ်။ ငွေရေးကြေးရေး ကိစ္စအားလုံးကိုလည်း ကြိုက်သလို အစစ်ဆေးခံနိုင်ပါတယ်။ ဈေးဆိုင်ခန်းကြိုတင်ရောင်းရငွေ သိန်းပေါင်း ၄၆၆၀ ကျော်ကို CB ဘဏ်မှာ အပ်နှံထားပါတယ်။ ကြိုက်တဲ့စာရင်းစစ်က ဝင်စစ်နိုင်ပါတယ်။ ရက်တောင်းစရာမလိုပါဘူး။ ဒီနေ့စစ်ချင် ဒီနေ့ ဝင်စစ်လို့ရပါတယ်။ ကိုယ့်မြို့ကို တိုးတက်စေချင်ပါတယ်။ ရေရှည်တည်တံ့မယ့် ဈေးကြီးဖြစ်စေချင်ပါတယ်” ဟု အမှတ်(၂)ဈေး ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမစ်ကီက ပြောပြသည်။
ဈေးတည်ဆောက်ရန် အချိန်(၁၃)လ၊ ရက်ပေါင်း ၄၂၆ ရက်တောင်းခံထားပြီး ဈေးလုံခြုံရေးအတွက် CCTV အလုံး(၇၀) တပ်ဆင်မည်ဖြစ်ကြောင်း၊ မီဘေးလုံခြုံရေးအတွက် ရေဂါလံ ၁၂၀ဝ၀ ဆံ့ ကန်နှစ်ခုထားရှိပြီး မီးသတ်စက်များ ထည့်သွင်းရန် အစီအစဉ်ရှိကြောင်း၊ အမှတ်(၂) ဈေးကြီးပြီးဆုံးပါက စည်ပင်သာယာရေးအဖွဲ့သို့ အခွန်အခများ ဝင်လာမည်ဖြစ်ပြီး ကုန်တင်ကုန်ချ အလုပ်သမားများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


