ဖာပွန် ၁၇ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဦးစီးဌာနမှ ဖာပွန်မြို့နယ်အတွင်းရှိ ခြေတုလက်တု တပ်ဆင်ထားကြသူများအား ခြေတုလက်တုများ အသေးစား ပြန်လည်ပြုပြင်ခြင်းနှင့် အခမဲ့ လဲလှယ်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက်က ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက် ဝေဋ္ဌုဝန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဦးစီးဌာန ကွင်းဆင်းတာဝန်ခံ ဦးထွန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ဖာပွန်မြို့နယ်အတွင်းရှိ ခြေတုလက်တု တပ်ဆင်ထားသူများထဲမှ လာရောက်စာရင်းပေး ဆောင်ရွက်သူ (၅၀)ဦးအား ခြေတုလက်တု အသေးစားလုပ်ငန်းနှင့် ခြေတုလက်တု အသစ်တပ်ဆင်သူများအား လက်တွေ့စမ်းသပ်တိုင်းထွာ၍ ခြေတုလက်တုများ အခမဲ့ လဲလှယ်တပ်ဆင်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းကို ဖာပွန်မြို့နယ် ကြက်ခြေနီကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MDN


