မိုင်းဖြတ်  ၁၇  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများအကြာင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက    ဝမ်လုံးအုပ်စု၊ နားမွန်းကျေးရွာရှိ ခတ္တိယတပ်ဦးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် မိုင်းဖြတ်မြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွေက ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီအချိန် ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မိမိတို့ ပတ်ဝန်းကျင်တွင် လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် ပလတ်စတစ်အမှိုက် လျော့ချသုံးစွဲခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုပေါ် ထိခိုက်ဆုံးရှုံးမှုများရှိပါက ထောက်ပံ့မှုနှုန်းထားများကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို မှတ်သားနိုင်ရေးအတွက် လက်တွေ့သရုပ်ပြသမှုများ၊ အသိပညာပေး ဗီဒီယိုများကို ပြသခဲ့သည်။

 

ဟောပြောပွဲတွင် တက်ရောက်လာသည့်သူများကို ဘေးရှစ်မျိုးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ငလျင်ဘေး ပိုစတာများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)