ရိခေါ်ဒါရ် ၁၇ ဖေဖော်ဝါရီ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဒေသအတွင်း လုံခြုံရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က မြို့အဝင်ပေါက်များနှင့် နယ်စပ်တံတားဂိတ်၌ စုပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ရိခေါ်ဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့တစ်ခု ဖြစ်သဖြင့် မူးယစ်ဆေးဝါးများ၊ တရားမဝင် ကုန်ပစ္စည်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ တရားမဝင် နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ကလေးမြို့ဘက်မှ ဝင်လာသည့် ယာဉ်များနှင့် ရိခေါ်ဒါရ်မြို့မှ အထွက်ကားများကို လည်းကောင်း၊ နှစ်နိုင်ငံ နယ်စပ်တံတားဂိတ်၌ ဖြတ်သန်းသွားလာသည့် ယာဉ်များ၊ လူဝင်လူထွက်များကို ရပ်တန့်စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့မြို့မှာ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အခုလို ရှောင်တခင်စစ်ဆေးခြင်းကို အခါအားလျော်စွာ ဆောင်ရွက်ပေးတဲ့အတွက် ကျေနပ်အားရမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဒေသဟာ နယ်စပ်မြို့ တစ်ခုဖြစ်သည်နှင့်အညီ လူဝင်လူထွက်များပြားပြီး မထင်မှတ်သည့်၊ မလိုလားအပ်သည့် ပြဿနာလည်း မရှိဘူးလို့ ပြောလို့မရဘူး။ အခုလို တာဝန်ရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆောင်ရွက်ပေးတော့ ပြည်သူတို့အတွက် လုံခြုံစိတ်ချမှု ရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လဝကဌာန၊ သစ်တောဌာန၊ လမ်းဦးစီးဌာန၊ စရဖနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့အား သက်ဆိုင်ရာမှ တရားဝင် ဖွဲ့စည်းပေးထားသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
MDN


