ဆင်ပေါင်ဝဲ ၁၇ ဖေဖော်ဝါရီ

 

ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက် ကွာဟမှုကျဉ်းမြောင်းစေရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

566.

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၀ ရွာအား ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ အိမ်တိုင်ရာရောက် ရေပေးရေးစနစ် ဆောင်ရွက်ခြင်းနှင့် ကျေးရွာလျှပ်စစ် မီးလင်းရေးဆောင်ရွက်ခြင်းကို   ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံ့ငွေ ကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

 

ယခင်ဘဏ္ဍာရေးနှစ်များက ကျေးရွာ ၄ ရွာအား စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ကျေးရွာတွင်းလမ်းများ မြေနီခင်းခြင်း၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဌာနမှ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၊ နည်းပညာများ ပံ့ပိုးပေးပြီး ကျေးရွာသူ ကျေးရွာသားများမှ လုပ်အား၊ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးမှ ပြောသည်။

 

“ကိုယ့်ရွာဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကွန်ကရစ်လမ်း ခင်းတဲ့နည်းပညာလည်း သိရတယ်။ ခင်းဖို့ကျန်ရှိနေတဲ့ လမ်းတွေကိုလည်း ကျေးရွာမှာ အလှူငွေကောက်ခံပြီး အကုန်ကွန်ကရစ်လမ်းခင်းဖို့ စီစဉ်နေပါတယ်” ဟု ဧကရာဇ်ကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ဝင် ဦးဉာဏ်မြင့်မှ ပြောသည်။

 

“ကွန်ကရစ်လမ်းရမယ်ဆိုတော့ ပျော်တာပေါ့နော်၊ လမ်းလုပ်နေတဲ့ သူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်က အာဟာရဒါန ကျွေးရတာပေါ့။ အလှူရှင်တွေကတော့ အများကြီးပဲ ကျွေးချင်တဲ့သူများလို့ အလှည့်တောင်လုနေရတယ်” ဟု အာဟာရဒါန အလှူရှင်တစ်ဦးမှ ပြောသည်။

 

ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာများမှာ ကုန်းဘိုကျေးရွာ၊ ဓနှုန်းမြောင်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဝန်ကုန်းကျေးရွာ၊ လှေဝန်းကျေးရွာ၊ မကြီးကုန်းကျေးရွာ၊ ကျောက်ချက်ကျေးရွာ၊ ဇောင်ချမ်းတောင်ကျေးရွာ၊ ရှားတိုင်းကြီးကျေးရွာနှင့် ဧကရာဇ်ကျေးရွာတို့ဖြစ်သည်။

 

ကျော်ဇင် (ဆပဝ)