ရန်ကုန် ၁၇ ဖေဖော်ဝါရီ
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းကိုနံနက်ပိုင်းက စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့တွင် စာအုပ်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက် ရှိပြီး စာပေဟောပြောပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ စာပေချစ်မြတ်နိုးသူများ၊ စာအုပ်လာရောက်ဝယ်ယူသူများ၊ လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်း ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးနေမျိုးညွန့်က’’ ဒီနှစ်မှာတော့ စာအုပ်ရောင်းတဲ့ဆိုင်ခန်း ၇၀ ခန့်ရှိပါပြီ။ ရောင်းအား ကတော့ပုံမှန်ပါပဲ။ အရင်နှစ်ကလည်း ပုံမှန်ရောင်းနေရတာပါဘဲ။ တစ်ပတ်နဲ့တစ်ပတ်မှာ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းအားမတူနိုင်ပါဘူး။ ဒီတစ်ပတ်လာတဲ့ပရိသတ်နဲ့ နောက်တစ် ပတ်လာတဲ့ ပရိသတ်မတူဘူး။ ဒီတစ်ပတ်လာတဲ့သူကဘာသာရေး စိတ်ဝင်စားတဲ့သူ များသွားရင် ဘာသာရေးနဲ့နွယ်တဲ့စာအုပ်လေးတွေ ရောင်းရတယ်။ ဘယ်စာအုပ်တွေ က အရမ်းရောင်းရတယ်ဆိုတာခန့်မှန်းလို့မရပါဘူး’’ ဟုပြောသည်။
ဆက်လက်၍ ၄င်းက ’’ ပုံမှန် စနေ-တနင်္ဂနွေနှစ်ရက်မှာ စာရေးဆရာ တစ်ယောက်စီရဲ့ ဟောပြောပွဲ တွေရှိပါတယ်။ ကဗျာရွတ်ပွဲတွေရှိပါတယ်။ မေးကြည့် ဖြေကြည့် စာအုပ်ပဟေဋိ အစီစဉ်တွေရှိပါတယ်။ မေးခွန်းတွေမေးတယ်။ မေးခွန်းတစ်ခု ဖြေနိုင်ရင် စာအုပ်တစ်အုပ် လက်ဆောင်ပေးတဲ့အစီစဉ်တွေပါ ပါတယ်။ စာအုပ် တိုက်ကြီးတွေက ၅၀ ရာခိုင်နှုန်း Discont ရောင်းတာရှိတယ်။ တစ်ဦးကို တစ်အုပ် နှုန်းယူနိုင်တဲ့ စာအုပ် စတုဒိတာ တဲလေးရှိပါတယ် ’’ ဟုပြောသည်။
ယနေ့ စနေ-တနင်္ဂနွေစာအုပ်လမ်း၌ စာအုပ်များရောင်းချခြင်းအပြင် ဆရာငြိမ်း မင်း၏ ’’စာ၏ ကျေးကျွန် မဖြစ်ပါစေနှင့်၊ စာ၏ အရှင်သခင်ဖြစ်ပါစေ’’ခေါင်းစဉ်ဖြင့် စာပေ ဟောပြောပွဲအစီစဉ်၊ မော်ဒယ်သရုပ်ဆောင် ပန်းသော်တာ ပါဝင်ကူညီပြီး စာပေလောက စာအုပ်တိုက်မှ ထုတ်ဝေထားသော စာအုပ်များကို ထိုက်တန်စွာ လက်ဆောင်ပေးမည့် မေးကြည့် ဖြေကြည့် စာအုပ်ပဟေဠိအစီအစဉ်နှင့် စာအုပ်စတုဒိသာ အုပ်ရေ ၁၀ဝ၀ ပေးဝေသည့် အစီအစဉ်များထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းတွင် စာပေချစ်မြတ်နိုးသူ ပရိသတ်များအတွက် ဘာသာရပ်မျိုးစုံစာအုပ်များ၊ သုတရသအဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို/ ဝတ္ထုရည် စာအုပ်များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတရသစာအုပ်များ၊ ဆေးပညာဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်-မြန်မာအဘိဓာန်စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ၊ ဗေဒင်စာအုပ် မျိုးစုံ၊ ကလေးငယ်များ ဘာသာရေးကိုင်းရှိုင်းစေရန်အတွက် ဗုဒ္ဓဝင်ကာတွန်းစာအုပ်များ ခင်းကျင်းရောင်းချ လျက်ရှိသည်။
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနက စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ကူညီမှုဖြင့် ၂၀၁၇ ခုနှစ်မှစတင်ကာ မိုးရာသီအကုန် ပွင့်လင်းရာသီ စနေ-တနင်္ဂနွေနေ့များတွင် ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ယခုနှစ်ဆိုလျင် သုံးနှစ်မြောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
သတင်း - မင်းသစ်(MNA)
ဓာတ်ပုံ - ရဲထွဋ်


