နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear(GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင်  အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ရန်ကုန် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ ယခင်က တောင်ဥက္ကလာပမြို့နယ်ရှိ မီးသုံးစွဲ သူ ပြည်သူများ (အိမ်ထောင်စု ၃၃၆၉၇) ကို စုစုပေါင်းတပ်ဆင်အင်အား ၅၀ အမ်ဗွီအေရှိ ဓာတ်အား ခွဲရုံ ၂ ရုံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေရသည့်အတွက် ဗို့အားပြည့်ဝမှုမရှိခြင်း၊ နွေရာသီ ကာလများတွင် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများတွင် ဝန်အားပြည့်ကျော် လွန်မှု (Overload) များ ဖြစ်ပေါ် လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိခြင်း စသည့်အခြေအနေ များကို ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး ၆.၆/ဝ.၄ ကေဗွီ ၁၀ဝ၀ ကေဗွီအေ ထရန်စဖော်မာနှင့့်် ဓာတ်အားဖြန့်ဖြူးပေးနေသော ယခုဓာတ် အားခွဲရုံနေရာတွင် တပ်ဆင်အင်အား စုစုပေါင်း ၄၀ အမ်ဗွီအေရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ယခင်က ၁၆၀ ဗို့ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး  ဗို့အား ကျဆင်းမှုများရှိခဲ့၍ ယခုအခါ တပ်ဆင်အင်အား ၄၀ အမ်ဗွီအေကို တိုးချဲ့တည်ဆောက်ဖြန့်ဖြူးပေး နိုင်ခဲ့သည့်အပြင် တောင်ဥက္ကလာပ မြို့နယ်ရှိ လက်ရှိမီးသုံးစွဲသူ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ ဗို့အား ပြည့်မီစွာဖြင့် လျှပ်စစ်ဓာတ်အားကို  အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊  ဓာတ်အားစနစ် ပိုမိုတောင့်တင်း ခိုင်မာစေရန် ၅၀ဝ ကေဗွီ ဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်း(၆၀)မိုင်၊ ဝန်အားပြည့်လျက် ရှိသော လှိုင်သာယာ-မြောင်းတကာ ဓာတ်အားလိုင်း၏ ဝန်အားကို မျှတစေရန် ၂၃၀ ကေဗွီ ရွာမ-လှိုင်သာယာ-ဝါးတရာဓာတ်အားလိုင်း (၁၁)မိုင်၊ သာကေတဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း၊ ၂၃၀ ကေဗွီ အလုံ-လှော်ကား-ရွာမနှင့် သာကေတခွဲရုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ထက်ဝက်နီးပါးခန့်ကို ရန်ကုန်တိုင်းဒေသကြီးက သုံးစွဲလျက်ရှိရာ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းအချို့တို့တွင် ဝန်အားပြည့်ကျော်လွန်သုံးစွဲနေရ၍ ဝန်အားပြည့်နေသော ဓာတ်အား ခွဲရုံများနှင့် ဓာတ်အားလိုင်း များကို ဝန်အားမျှခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို ရရှိသည့် ဘဏ္ဍာငွေအပြင် ချေးငွေများကို အသုံးပြုပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဓာတ်အားခွဲရုံကို ကျပ် ၅ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီး၊ ဓာတ်အားခွဲရုံသို့ ဓာတ်အားရောက်ရှိရန် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းအတွက် ကျပ် ၁ ဒသမ ၉ ဘီလီယံခန့် အကုန်အကျ ခံပြီး တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများအားလုံး လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေးအခြေခံ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များနှင့် ဝင်ငွေများ တိုးတက် ရရှိရေးတို့အတွက် အထူးအလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၅၅%) ခန့်အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

30.0

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အစီအမံများနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်နှင့် ရန်ကုန်တိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 

ယင်းနောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ(GIS) ဓာတ်အားခွဲရုံ၏ ကမ္ဗည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်ရှိ ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) Hospital Complex ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို (၁၀) နာရီတွင် အဆိုပါဓာတ်အားခွဲရုံ၌ ဆက်လက် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ နှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားကာ လမ်းမတော်မြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စား လှယ် ဒေါက်တာ မောင်မောင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ထို့နောက် ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာနှင့် လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ(GIS) ဓာတ်အားခွဲရုံ၏ ကမ္ဗည်းကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)

 

12.03