နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

 

မွေးမြူရေးဆိုင်ရာ ကွင်းဆင်းလေ့လာရေးအတွေ့အကြုံ စာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်၊ ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။

 

အဆိုပါ စာတမ်းဖတ်ပွဲသို့ ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မာမာဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူး (စီမံ)၊ ပါမောက္ခ/ဌာနမှူးနှင့် ဆရာ၊ဆရာမများ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် BASc ကျောင်းသား၊ ကျောင်းသူများနှင့် တတိယနှစ် BASc ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

စာတမ်းဖတ်ပွဲတွင် ပခုက္ကူမြို့နယ်အတွင်းရှိ အနောက်နံဂါတ်ကျေးရွာ၊ အနောက်ချောက် ကန်ကျေးရွာ၊ လက်ပကန်ကျေးရွာ၊ အရှေ့ချောက်ကန်ကျေးရွာ၊ မန်ကျည်းကိုးပင်ကျေးရွာနှင့် မှိုက်ပင်ကုန်းကျေးရွာများတွင် လူမှုစီးပွားဘဝအခြေခံအချက်အလက်များ ကောက်ယူခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ ဟောပြောဆွေးနွေးခြင်း၊ ကျေးလက်နေ ပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများလေ့လာခြင်း စသည့် အတွေ့အကြုံများကို အဖွဲ့အလိုက် ဖတ်ကြားကြရာ အကောင်းဆုံးစာတမ်းရေးသားခြင်းနှင့် စာတမ်းဖတ်ကြားခြင်း ပထမဆုကို လက်ပကန်ကျေးရွာသို့ သွားရောက်ခဲ့သည့် အဖွဲ့(၃)ကလည်းကောင်း၊ ဒုတိယဆုကို အရှေ့ ချောက်ကန်သို့ သွားရောက်ခဲ့သည့် အဖွဲ့(၄)ကလည်းကောင်း၊ တတိယဆုကို အနောက် နံဂါတ်ကျေးရွာသို့ သွားရောက်ခဲ့သည့် အဖွဲ့(၁)ကလည်းကောင်း အသီးသီးရရှိကြသည်။

 

ထို့နောက် ၂၀၁၇-၂၀၁၈ မွေးမြူရေးဆိုင်ရာပညာရပ်များအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးစိုးဝေက ၂၀၁၈-၂၀၁၉ မွေးမြူရေးဆိုင်ရာပညာရပ်များအသင်းဥက္ကဋ္ဌ တွဲဖက် ပါမောက္ခဒေါက်တာလှိုင်လှိုင်မြင့်ထံသို့ အသင်းအထိမ်းအမှတ်အလံကို လွှဲပြောင်းပေးအပ် ခဲ့ကြောင်းနှင့် ယင်းစာတမ်းဖတ်ပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရှိ မွေးမြူရေးဆိုင်ရာ ပညာရပ်များအသင်းက ကြီးမှူးပြီး နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)