ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်သည် ဝါစိုက်ပျိုးမှုများသော ဒေသဖြစ်ပြီး ဝါစက်လုပ်ငန်းနှင့် ဝါစေ့ဆီစက်များမှ ဝါစေ့ဆီထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဝါသီးနှံကို မိုးကြို၊ မိုးနှင့် မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဒေသတွင်း၌ မိုးနှင့် မိုးနှောင်း ဝါများကိုသာ အများဆုံး စိုက်ပျိုးပြီး လက်ရှိအချိန်၌ ဝါသီးနှံ စိုက်ပျိုးဆဲကာလ ဖြစ်သည့်အတွက် ဝါနှင့် ဂွမ်းလက်ကျန် အနည်းငယ်သာရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ဝါစက်လုပ်ငန်းရှင် (၇)ဦးရှိသည့်အနက် (၆)ဦးမှာ ဝါစက်လုပ်ငန်းအပြင် ဝါစေ့ဆီထုတ်လုပ်သည့် လုပ်ငန်းများကိုပါ လုပ်ကိုင်လျက်ရှိသည်။ ဝါစက်လုပ်ငန်းအနေဖြင့် ဝါကုန်ကြမ်း (၃)ပိဿာကြိတ်လျှင် ဂွမ်း (၁)ပိဿာနှင့် ဝါစေ့ သုံးပုံနှစ်ပုံခန့် ထွက်ရှိပြီး ဝါစေ့ဆီ ထုတ်လုပ်မှုအနေဖြင့် ဝါစေ့ (၁၀၀)ပိဿာကြိတ်လျှင် ဝါစေ့ဆီ (၁၀/၁၂) ပိဿာခန့် ထွက်ရှိသည်။ ဝါစေ့ဆီကို အကြော်လုပ်ငန်းများမှ ဝယ်ယူကြပြီး ဝါစေ့ဖက်များကို တိရစ္ဆာန်အစာနှင့် မှိုစိုက်ပျိုးရေးတို့အတွက် အသုံးပြုကြသည်။
ဈေးနှုန်းအနေဖြင့် ဝါကုန်ကြမ်းတစ်ပိဿာလျှင် ၃၆၀၀/၃၈၀၀ ကျပ်၊ ဂွမ်း တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ဝါစေ့နှင့် ဝါစေ့ဖက်တစ်ပိဿာလျှင် ၁၅၀၀/၁၆၀၀ ကျပ်နှင့် ဝါစေ့ဆီတစ်ပိဿာလျှင် ၇၃၀၀ ကျပ်ရှိပြီး ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် နိုင်ငံပိုင်ချည်မျှင်နှင့် အထည်စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဝါသီးနှံမှာ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် ဝါသီးနှံကို ပိုမိုစိုက်ပျိုးသင့်ကြောင်း လေ့လာသိရှိရသည်။
Myanmar Digital News (MDN)
Credit - စားသုံးသူရေးရာဦးစီးဌာန (မန္တလေး)


