တာချီလိတ် ၁၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းရှိ မြို့များတွင် နေထိုင်ပြီး အိမ်ထောင်စုဇယားရှိသူများကို တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)အား ပြုလုပ်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။
ယခင်က တာချီလိတ်မြို့နယ်အတွင်းနေထိုင်ပြီး အိမ်ထောင်စုဇယားရှိသူများကိုသာ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ပေးခဲ့ပြီး ယခုအခါ ခရိုင်အတွင်းရှိ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမြို့များတွင် နေထိုင်၍ အိမ်ထောင်စုဇယားရှိသူများကိုလည်း တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့်ပြုလိုက်ပြီဖြစ်သည်။
“အခုဆိုရင် တာလေ၊ မိုင်းဖြတ်တို့က ပြည်သူတွေလည်း တစ်နှစ်စာ လက်မှတ်လုပ်လို့ရသွားပါပြီ။ အမြဲသွားလာနေသူတွေအတွက် အဆင်ပြေ သွားတာပေါ့” ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“တစ်နှစ်စာလက်မှတ်နဲ့က အကုန်အကျသက်သာသလို အချိန်စောင့်ရတာလည်း သက်သာသွားတယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုပါ” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှ ငွေကျပ် ၁၀ဝဝ နှင့် ထုတ်ပေးသည့် ပုံမှန်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်သည် ထိုင်းနိုင်ငံတွင် တစ်ပတ်နေထိုင်ခွင့်ရှိပြီး တစ်နှစ်စာနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်သည် ငွေကျပ် ၃၀ဝ သာကုန်ကျပြီး ထိုင်းနိုင်ငံတွင် နှစ်ပတ်နေထိုင်ခွင့်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


