အန်ကယ်ပညာ

၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကလောမြို့နယ်မြေခံတပ်အတွင်းရှိ နတ်ရေကန်ရေထွက်ရေကန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရေကန်ပေါင်များ စနစ်တကျရှိစေရေး ပြန်လည်ပြုပြင်ရန်၊ မိုးမကျမီ သဲနုန်းတူးဖော်ခြင်းအား အပြီးဆောင်ရွက်ရန်နှင့် အခြားလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်ကို  ရုပ်မြင်သံကြားထုတ်လွှင့်မှုနှင့် သတင်းစာဖော်ပြချက်များအရ သိရှိခဲ့ရပါသည်။

ထိုသို့သိရှိရသည့်အတွက် ကျွန်တော်၏  စိတ်သန္တာန်တွင် ဝမ်းမြောက်မှုနှင့်အတူ တစ်ချိန်က ထိုနတ်ရေကန်နှင့် ပတ်သက်ခဲ့ဖူးသည်များကိုလည်း သတိတရဖြစ်ခဲ့ရပြန်ပါသည်။  ထိုတစ်ချိန် ကဟူသည့် ကာလသည် ၁၉၉၈-၉၉ ခုနှစ်များဆီ ဖြစ်ပါသည်။ ကျွန်တော်သည်   ထိုနှစ်များတွင်  နတ်ရေကန်တည်ရှိရာ     နယ်မြေခံတပ်တွင်  နောက်တန်းမှူး တာဝန်ထမ်းဆောင်ခဲ့ပါသည်။အားလပ်သည့်  ညနေအချိန်များတွင် ထိုကန်ပေါင်ပေါ်တွင် မိသားစုနှင့်အတူလမ်း လျှောက်ရင်း  ကြည်စိမ်းနေသည့် ကန်ထဲရှိ  အုပ်စုဖွဲ့ပျော်မြူးနေကြသည့်   နှစ်ချို့မြက်စား ငါးကြင်းကြီးများ၊  ရေဘဲအုပ်များကို  သွားရောက်ကြည့်ရှုအပန်းဖြေလေ့ရှိပါသည်။

 စတုဂံပုံ တစ်ဖက်ဆည်ကန်ပြုလုပ်ထား

ထိုကန်၏ မြောက်ဘက်ပေ ၃၇၀၀  အကွာတွင် အမြင့်ပေ ၅၂၈၀  ရှိ သည့် အိုးစည်တောင်ရှိပြီး ထိုတောင်၏ တောင်လက်မောင်းများက  ကန်၏အရှေ့ဘက်နှင့်  အနောက်ဘက်တို့တွင်  ဝိုက်ကာပေးထားသဖြင့်   ဂငယ်ပုံသဏ္ဌာန် တောင်ကြော၏ အလယ်ချိုင့်တွင်တည်ရှိသည့်ကန်ဖြစ်ပါသည်။ ကန်၏အကျယ်ပမာဏမှာ  မြောက်ဘက်တွင်  ၃၇၅ ပေ၊ အရှေ့ဘက်တွင် ပေ၂၂၀၊  တောင်ဘက်တွင် ပေ၅၄၀  နှင့် အနောက် ဘက်တွင် ပေ  ၁၇၀  ဖြစ်ပြီး ကန်၏ တောင်ဘက် အရပ်မျက်နှာတွင်  မြေသားတမံဖြင့် စတုဂံပုံ တစ်ဖက်ဆည်ကန်ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

ထိုသို့တစ်ဖက်ဆည်ကန်ပြုလုပ်ထားသော်လည်း အလုံပိတ်မဟုတ်ဘဲ ကန်ပေါင်၏ အလယ်နှင့်အနောက်ဘက်စွန်းတို့တွင်  ရေပိုထွက်ပေါက်  တစ်ပေါက်စီ   ပြုလုပ်ထားရပါသည်။   အဘယ် ကြောင့်ဆိုသော်   ကန်၏   အလယ်အောက်ခြေတွင် အားကောင်းသည့် ရေထွက်ကြီး ရှိသောကြောင့် ဖြစ်ပါသည်။  ကန်ပေါင်၏ အလယ်ရေပို ထွက်ပေါက်မှ ကျော်ကျသည့်ရေသည်ပင် ခြောက် ပေ အကျယ်မြောင်းမှ ချောင်းငယ်သဖွယ်စီးဆင်းသည့် ရေပမာဏရှိပါသည်။

အမြဲလို သီးပင်စားပင်များနှင့် စိမ်းစို

ထိုနတ်ရေကန်မှရေသည် နယ်မြေခံတပ်၏  သောက်သုံးရေလိုအပ်ချက်ကို တစ်နှစ်ပတ်လုံး လုံလောက်ရုံမက တပ်ပိုင်၊ မိသားစုတစ်ပိုင် တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အပြင်ရေပိုထွက်ပေါက်မှ လျှံကျသည့်ရေကို  ငါးမွေးမြူရေးကန်များသို့ မြောင်းသွယ်ပြီး ငါးမွေး မြူရေးပါဆောင်ရွက်နိုင်ပါသည်။  နတ်ရေကန် ၏ ကျေးဇူးကြောင့် ထိုတပ်သည် ရေအတွက်ကြောင့်ကြစရာမလိုသည့်အပြင် တပ်ပိုင်မြေ တစ်ခုလုံးသည်လည်း  အမြဲလိုပင်  သီးပင်စားပင်များနှင့် စိမ်းစိုနေလေ့ရှိပါသည်။

 ထိုရေကန်ကို နတ်ရေကန်ဟု ခေါ်တွင်နေခြင်းမှာ  စိတ်ဝင်စားစရာပင်။     သို့ဖြစ်၍  ထိုအကြောင်းကို ထိုတပ်သို့ရောက်စကပင်  တပ်စတင်ဖွင့်လှစ်ကတည်းက  တာဝန်ထမ်းဆောင်လျက်ရှိကြသူများကို မေးမြန်းကြည့်ရာ  ထိုကန်ကို နတ်မောင်နှမ စောင့်ရှောက်ကြကြောင်း၊ ထိုကန်ဘေးတွင် မဖွယ်မရာပြုခြင်း၊  အညစ်အကြေးစွန့်ခြင်း၊ ကန်ထဲရှိငါးများ၊   ရေဘဲများကို ဖမ်းဆီးစားသောက်ခြင်းပြုလျှင် ခိုက်တတ်ကြောင်း စသည်ဖြင့် လက်ဆင့်ကမ်း စကားကို    ကြားသိခဲ့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ နတ်မောင်နှမနတ်ကွန်းမှာ     တောင်ဘက် ကန်ပေါင်ပေါ်တွင် တည်ရှိပြီး    ထိုနတ်ကွန်းတွင်  ကန်တော့ပွဲ၊ ပန်း၊ ရေချမ်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ဖြင့် မပြတ်ပူဇော်ကြသည်ကို    တွေ့ရသည့်အပြင် နတ်ရေကန်နှင့် ပတ်သက်သည့်  ကန့်သတ်ချက်များကိုလိုက်နာကြသည်ကိုလည်း တွေ့ရပါသည်။

နတ်ရေကန်နှင့်ပတ်သက်၍  အထူးတလည်အမှတ် တရရှိနေခဲ့သည့်အကြောင်းမှာ ၁၉၉၈ ခုနှစ်  ဆောင်းအကုန်ကာလမှ စတင်ခဲ့ပါသည်။ ကန်ရေသည် ပုံမှန်အခြေအနေမှ ရေပိုထွက်ပေါက်ကို မကျော်တော့ဘဲ တစ်နေ့တခြား  လျော့နည်းလာကာ မိသားစုရေပေးဝေရေးကို ထိခိုက်လာခဲ့ပါသည်။ ကန်ထဲရှိ  သဘာဝငါးကြီးများမှာလည်း  နေ့စဉ်အသေအပျောက် ရှိလာပါသည်။ သို့ဖြစ်၍     မိသားစုရေပေးဝေရေးအတွက်  တပ်အနီးရှိအင်းပြင်ကျေးရွာဘုန်းကြီးကျောင်း  ရေထွက်မှ တပ်ပိုင်ရေသယ်ယာဉ်ဖြင့် သယ်ဆောင်ဖြန့်ဝေပေးရသလို    ကန်အတွင်းရှိ ရေနည်းငါးများကိုလည်း ထိုကျေးရွာရှိရေထွက် ရေကန်သို့တပ်ပိုင်ယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ရပါသည်။

၁၉၉၉ ခုနှစ် ဧပြီလတွင်ကန်ရေမှာ ကန်အလယ်ရှိ ရေထွက်ပေါက်ပတ်လည်  ၁၀  ပေခန့်တွင်သာ ရေကွက်အဖြစ် ကျန်ရှိပြီး ကျန်နေရာများမှာ   လုံးဝ ခန်းခြောက်သွားပါတော့သည်။ ကျွန်တော့်အနေဖြင့်  မိမိနောက်တန်းတွင်    တာဝန်ကျနေစဉ်   ဤသို့ဖြစ်ရသည့်အတွက်   စိတ်မကောင်းဖြစ်ရသည့်အပြင်  ယခင်က ဤသို့ဖြစ်ခဲ့ဖူးခြင်း ရှိ မရှိ စုံစမ်းမေးမြန်းရာတွင်လည်း   ဤအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း သိရသည့်အတွက်  ပို၍ပင်ဆိုးနေတော့သည်။

အနှစ်နှစ်အလလက နုန်းများ

သို့ရာတွင် ထိုအခြေအနေဆိုးထဲက  အကောင်းဖြစ်စေရန် ရရှိသည့်အခွင့်အရေးကို လက်မလွတ်တမ်း ဆုပ်ကိုင်နိုင်ခဲ့၍   တော်ပေသေးသည်။   ကန် အတွင်း၌  အနှစ်နှစ်အလလက  အနည်ထိုင်တည်ရှိ နေသည့်နုန်းများကို  နောက်တန်းရှိ   တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်ရဲမေ အင်အားဖြင့် ပထမဆုံးဆယ်တင်ခွင့် ဖြစ်ပါသည်။

ကန်အတွင်းရှိ သဲနုန်းများ ဆယ်တင်ခြင်းမပြုမီ ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့်မိမိအထက်အကြီးအကဲထံ ခွင့်ပြုချက်ရယူခြင်း၊  ကန်ပိုင်နတ်မောင်နှမထံ ရိုးရာအရ ခွင့်ပန်ခြင်းနှင့်တပ်ဖွဲ့ဝင်နှင့်    မိသားစုဝင်များအား စည်းရုံး ပြောဆိုခြင်းတို့ကို   ကြိုတင်ဆောင်ရွက်ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော်   ကျွန်တော် ဤသို့ပြုသည့်အတွက်  ရှေ့တန်းနှင့် နောက်တန်းတို့တွင်    ဤသို့ ဖြစ်ရပါသည်ဟူသည့်လွဲမှားသည့် နောက်ဆက်တွဲ ယုံကြည်မှုနှင့်  သံသယများ ကင်းရှင်းကြစေရန်ဖြစ်ပါသည်။ 

ဤသို့ဆောင်ရွက်သည့်ကြားမှပင် မိသားစုဝင် ရဲမေအချို့၏  “အမျိုးသမီးမို့     ကန်ထဲမဆင်းဝံ့ဘူး။ ယောက်ျားကရှေ့တန်းမှာ၊  နတ်မကြိုက်လို့ တစ်ခုခု ဖြစ်ရင်ဘယ်လိုလုပ်မလဲ”စသည့် နတ်ရေကန်နှင့်  ဆက်စပ်သည့်  ယုံကြည်မှုအဟန့်အတားများကို  ကံနှင့်  ကံ၏ အကျိုးတို့နှင့်ယှဉ်၍  ဖြေရှင်းပေးခဲ့ရပါသည်။

မည်သို့ပင်ဆိုစေကာမူ  နောက်တန်းရှိတပ်ဖွဲ့ဝင် များနှင့်  မိသားစုဝင်ရဲမေများ၏ စုပေါင်းလုပ်အားဖြင့်  ကန်အတွင်းရှိ   သဲနုန်းများကို    တစ်လကျော်ကာလ အတွင်းဆယ်တင်နိုင်ခဲ့ကြပါသည်။  ဤသို့ဆယ်တင်ရင်း ကန်အတွင်းမှ   ပျက်စီးနေသည့် စစ်ကျန် လက်နက်ခဲယမ်းများ တူးဖော်တွေ့ရှိရသည့်အတွက်  ပထမဆုံးဆယ်တင်ခြင်းဖြစ်ကြောင်းကိုလည်း  အတည်ပြုနိုင်ခဲ့ပါသည်။ ဆယ်တင်နုန်းများဖြင့်  နတ်ကွန်းတည်ရှိရာ တောင်ဘက်ကန်ပေါင်ကို ယခင်     ထက်ကျယ်အောင် ချဲ့နိုင်ခဲ့ပါသည်။ ထို့အပြင် ယခင်က ကန်၏မြောက်ဘက်ပိုင်းရေပြင်သည်  ကိုင်းဖုတ်များ ဟိုတစ်ကွက်၊ သည်တစ်ကွက် ထိုးထွက်နေသည့်အတွက် ယခုကဲ့သို့တစ်ဖြောင့်တည်း  မဟုတ်သည်ကို တစ်ဖြောင့်တည်းဖြစ်အောင် တူးထုတ်နိုင်ခဲ့ပါသည်။ အထက်တွင်  ဖော်ပြခဲ့သော  ကန်၏အရွယ်အစားနှင့် ပုံသဏ္ဌာန်မှာ ဤသို့ဆောင်ရွက်ပြီးချိန်တွင် ဖြစ်ပေါ်လာသည့် အတိုင်းအတာများ   ဖြစ်ပါသည်။

၁၉၉၉ ခုနှစ်  ဩဂုတ်လဆန်းတွင်  နတ်ရေကန်၏ ရေထွက်ပမာဏမှာ ယခင်ကအတိုင်း   ပုံမှန်ပြန် ဖြစ်လာသည်ကို  ဝမ်းမြောက်ဖွယ်  တွေ့ရှိရပါသည်။  ယခင်ကနှင့်မတူသည်မှာ ကန်၏ အနားသပ်ညီညာ သပ်ရပ်မှု၊ ကန်ပေါင်အကျယ်နှင့်အမြင့်၊  ကန်ရေပြင် အကျယ်နှင့်ရေအနက်တို့ပင် ဖြစ်ပါသည်။  ကြည်စိမ်း နေသည့်ကန်အတွင်း ရေဘဲအုပ်များ မြူးထူးပျော်ပါးနေကြသည်ကိုပြန်မြင်ရပါသည်။   ဘေးလွတ်ရာသို့ ယာယီရွှေ့ထားပေးသည့် မြက်စားငါးကြင်းကြီး များကိုလည်း ၎င်းတို့၏ မူလနေရာတွင် ပြန်လည် နေရာချထားပေးခဲ့ပါသည်။ တပ်ဖွဲ့ဝင်မိသားစုများအားလုံးလည်းပြုံးပျော်ကြပါသည်။ 
ဤသို့    ဆောင်ရွက်ခဲ့ကြခြင်းသည်     ခဏတာ မကောင်းသည့်ကန်ကို အစဉ်သဖြင့် ကန်ကောင်းအောင်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။    ဤသို့  ကန်ကောင်းအောင်ပြုလုပ်ခြင်းသည်ပင်  တစ်တပ်လုံး၏  ကံကို ကောင်းစေခြင်းဖြစ်သည်ဟူ သည့် အသိတရား ရရှိသွားကြပါသည်။   မိသားစုဝင် ရဲမေများ၏  ကန်မဆယ်မီက    ဖြစ်ပေါ်ခဲ့သည့်  ယုံကြည်မှု အကြောက်တရားများသည်     ဘယ်သို့ ရောက်ကုန်သည်မသိ။   ဤလောကကြီးကို စောင့်ရှောက်လျက်   ရှိကြကုန်သော     နတ်မြတ်  နတ်ကောင်း အပေါင်းတို့သည်လည်း လောက၏   ကောင်းရာ   ကောင်းကျိုးအတွက်   လုပ်ဆောင်သည်ကို  ပိတ်ပင်တားဆီးကြပါမည်လော။  

“သာသနဿ  စ   လောကဿ  ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။ 

သာသနမ္ပိစ လောကဉ္စ ဒေဝါ ရက္ခန္တု သဗ္ဗ ဒါ။” ဟု မြတ်တရားဒေသနာတွင် ပါရှိသည် မဟုတ်ပါလား။ ကောင်းတာလုပ်လျှင်  ကံကောင်းမည်မဟုတ် ပါလား။   ။