မင်းဘူး ၁၈ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ရထားလမ်း စီမံကိန်း(၂)ခုမှ အသုံးပြုခဲ့သည့် ဒေသခံပြည်သူများ၏ ယာမြေဧကပေါင်း(၅၇၄ ဒသမ ၂)ဧကအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မင်းဘူးခရိုင် ၊အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး လျော်ကြေးငွေကျပ်(၁၇၇၉ ဒသမ ၁၅၉) သန်းအား နစ်နာခဲ့သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ကံ နှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ဒေသခံတောင်သူများ ၊ မီးရထားဌာန စီမံကိန်းအင်ဂျင်နီယာ ဦးမင်း သိန်းစိုးနှင့် တာဝန်ရှိသူများသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ လျော်ကြေးပေးအပ်မှုနှင့်စပ်လျဉ်း၍ စီမံကိန်းအင်ဂျင်နီယာက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကြံခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း(ဥသျှစ်ပင်-ကျွန်းချောင်းလမ်းပိုင်း)တွင် အသုံးပြုခဲ့သော ကျောက်ဆစ်ပုံ ၊ ကဒီး ၊ ထနောင်းတော ၊ ရေပုတ် ၊ ကြီးပင်ကန် ၊ ကျောက်တန်း ၊ ပေါက်ပင်ကွင်း ၊ ရေတွင်း ကုန်း ၊ ရေပေါ် ၊ မကျီးသုံးပင် ၊ ပိုက်သင် ၊ ရွာပုလဲ စသည့် ကျေးရွာအုပ်စု (၁၂)စုမှ ကွင်းပေါင်း(၂၇)ကွင်း ၊ ဦးပိုင် ပေါင်း(၃၄၅) ၊ တောင်သူ(၃၃၉)ဦး၏ ယာမြေ(၄၅၅ ဒသမ ၃၇၀)ဧကအတွက် မြေယာလျော်ကြေးငွေ ကျပ် (၁၃၉၇ ဒသမ ၈၄၄၃)သန်း ကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် နှင့် ဦးကျော်ငွေတို့က ပေးအပ်ခဲ့ၿပီး တောင်သူများကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း(မင်းဘူး-အမ်း လမ်းပိုင်း)တွင် အသုံးပြုခဲ့သော ကုန်းသာ၊ကိုင်းတောကြီး ကျေးရွာအုပ်စု(၂)ခုမှ ကွင်း(၈)ကွင်း ၊ ဦးပိုင်ပေါင်း(၉၇)၊ တောင်သူ(၉၇)ဦး၏ ယာမြေ(၁၁၈ ဒသမ ၈၃)ဧကအတွက် မြေယာလျော်ကြေးငွေ ကျပ် (၃၈၁ ဒသမ ၃၁၄၇)သန်းကို မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။
မီးရထားလမ်းအတွက်အသုံးပြုစဉ်ကတည်းက မိမိတို့ယာမြေများ ဆုံးရှုံးပြီဟု စိတ်ဒုံးဒုံးချထားရာမှ မမျှော်လင့်ပဲ လျော်ကြေးရသည့်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများကို ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း လျော်ကြေးရတောင်သူတစ်ဦးဖြစ်သူ ဦးထွန်းအေးက ပြောကြားခဲ့သည်။
ဇေယျတု(မကွေး)


