ကျောက်ကြီး ၁၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ကော့ပြင်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များl ကြက်ခြေနီ အသင်းတာဝန်ရှိသူများက မိုင်းကြောင့်ခြေထောက်စွန့်လွှတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေအင်္ဂါ စွန့်လွှတ်လိုက်ရသော်လည်း တတ်နိုင်သည့်ဘက်မှ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်းအတတ်ပညာဖြင့် မသန်စွမ်းအချင်းချင်း အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်ဒဏ်ရာရသူများအားကူညီနိုင်ရန် မသန်သော်လည်း အများအတွက် စွမ်းဆောင် နိုင်ကြောင်းပြသနိုင်ရန်အတွက် ရည်ရွယ်ပြီး ဘားအံမြို့ တောင်ကလေး ကိုယ်ကာယပြန်လည် ထူထောင်ရေးစက်ရုံမှ ထုတ်လုပ်သော ခြေတုနှင့် အားပြုကိရိယာများ အသုံးပြုပြီး ဘဝကိုဆက်လက်ရှင်သန်နေရသည့်အတွက် တစ်ဖက်မှ လူမှုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်နိုင်ရန် မိမိတို့ ဒေသအတွင်းရှိ မသန်စွမ်းများစုစည်း၍ ကြက်ခြေနီတပ်ဖွဲ့ပုံစံဖွဲ့စည်းကာ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ကြက်ခြေနီအသင်း တာဝန်ရှိသူများက မုန်းဒေသရှိ မသန်စွမ်း ၂၀ အား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ နှင့် အသင်းခွဲငယ် ဖွဲ့စည်းပေးခဲ့သည် အဆိုပါ မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ နှင့် အသင်းခွဲငယ်အား မေလ ၁၁ ရက်နေ့မှစတင်ပြီး ကော့ပြင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံ၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြများဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအားဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှသိရသည်။
ကိုသားကြီး(ကျောက်ကြီး)


